လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေးရန် MNDAA စီစဉ် 

လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင်ထုတ်ပေးရန် MNDAA စီစဉ် 

ကိုးကန့်တပ်ဖွဲ့(MNDAA) သိမ်းပိုက်ထားသော အထူးဒေသ (၁) လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို MNDAA ဘက်က လိုင်စင်ပြုလုပ်ပေးရန် စီစဉ်နေသည်ဟု ဒေသခံများထံမှ သိရသည်။ 

လားရှိုးခရိုင်အတွင်းက လိုင်စင်မဲ့ကားများကို လိုင်စင်ပြုလုပ်ပေးနိုင်ရန် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ဆွေးနွေးကြပြီး လမ်းပန်းဆက်သွယ်ရေးကိစ္စများလည်းပါဝင်သည်ဟု ဆိုသည်။

“ဒေသဆိုင်ရာ ကားလိုင်စင်တွေချပေးမယ် လိုင်စင်မဲ့တွေကို။ နောက် ကားခတွေ အဆမတန်ကြီးမြင့်နေတာတွေ စိစစ်လျှော့ချဖို့နဲ့ လမ်းကဂိတ်တွေ ကားတွေဆီကနေ ကောက်ခံနေတာတွေလျှော့ချဖို့  အဓိကထားဆွေးနွေးကြတယ်။”ဟု MNDAA နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါအစည်းအဝေးကို MNDAA ဘက်က မြို့တော်ဝန်နှင့် ဘဏ္ဍာရေး ဒုဝန်ကြီးတို့တက်ပြီး လောက်ကိုင်ခရိုင်၊ မုံးကိုးခရိုင်၊ ချင်းရွှေဟော်၊ သိန္နီခရိုင်နှင့် လားရှိုးခရိုင် ကိုယ်စားပြုများလည်း တက်ရောက်သည်ဟု ဆိုသည်။

“လိုင်စင်မဲ့ကားတွေကို လိုင်စင်ဘယ်တော့ ပြုလုပ်ပေးမယ်ဆိုတာ မနက်ဖြန်သိရမယ်ထင်တယ်။ လောက်ကိုင်မှာတော့ လုပ်ပေးနေပြီ။ ဂိတ်ကြေးလျော့ချမှာလည်း မနက်ဖြန်အကြမ်းဖျင်းသိရပါမယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ယခင်က စစ်ကောင်စီ ပြုလုပ်ပေးသည့် ယာဥ်အက္ခရာအစား အက္ခရာအသစ်ဖြင့် အစားထိုးထွက်ပေါ်လာနိုင်သည်ဟု ဆိုသည်။ 

လောက်ကိုင်တွင် KK အက္ခရာဖြင့် လိုင်စင်များ ပြုလုပ်ပေးနေပြီဖြစ်ပြီး လားရှိုးတွင် လိုင်စင်ပြုလုပ်ပေးမည်ဆိုသည်ကို မသိရသေးဟုဒေသခံတချို့က ပြောသည်။ 

"စစ်ကောင်စီလက်ထက်က ပြုလုပ်ခဲ့ရတဲ့ ယာဉ်လိုင်စင်တွေနဲ့ နံပတ်တွေကို အသစ်ပြန် မလုပ်ပေးဘူး။ လိုင်စင်မဲ့တွေကိုပဲ လိုင်စင်လုပ်ပေးမှာပါ။"ဟု MNDAA နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

လားရှိုးမြို့သည် တရုတ်နိုင်ငံနှင့် နီးစပ်သောကုန်သွယ်ရေးရှိပြီး တရုတ်နိုင်ငံ၏ အာဆီယံသို့ ကုန်သွယ်ရေးဝင်ပေါက်လမ်းကြောင်းပေါ်မှ မြို့အဖြစ်လည်းဖြစ်သည်။

MNDAA က လားရှိုးမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ(၂၅)ရက်နေ့တွင် ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ (၃)ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တစ်ခုလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

MNDAA က လားရှိုးမြို့ကို သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က ဖိအားပေးသည့်အနေဖြင့် မြန်မာ-တရုတ်နယ်စပ်ဂိတ်များအား ပိတ်ခြင်း၊ ကန့်သတ်ခြင်းများဖြင့် လားရှိုးမြို့သို့ ကုန်စည်အဝင်မခံတော့ပေ။

#TachileikNewsAgency

Photo:MNDAA တပ်ဖွဲ့ဝင်များကို လားရှိုးမြို့တွင် တွေ့ရစဥ် (ပုံဟောင်း)