စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့ ရဲစခန်းမှ ငါးရှန်ကျေးရွာအရှေ့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ခြေလျှင်ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ် (၁၂)တပ်ရင်း တပ်ခွဲ (၃) (လျှပ်စီးတပ်ခွဲ) ထံမှ သိရသည်။
ချောင်းဦးမြို့ရဲစခန်းမှ အင်အား (၃၀)ခန့်ပါသည့် စစ်ကြောင်းသည် ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် ငါးရှန်ကျေးရွာအရှေ့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ ခြေလျင်လျှောက်၍ ထွက်လာစဉ် ငါးရှန်ကျေးရွာအနီး ဟန်သစ်ဆီဆိုင် အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရှေ့ထွက်မိုင်း (၄) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားများသည် နေ့စဉ် နံနက် (၆)နာရီဝန်းကျင်တွင် အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်သို့ သွားရောက်၍ ငွေကြေးကောက်ခံခြင်းများ လုပ်ဆောင်နေကြောင်း သတင်းရရှိ၍ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က (၃)ရက်ကြာ အချိန်ယူပြင်ဆင်ပြီးနောက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုအား အတည်မပြုနိုင်သော်လည်း အများအပြား ထိခိုက်ဒဏ်ရာရသည်ကို အတည်ပြုနိုင်ကြောင်း မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း တပ်ခွဲ (၃) က ဆိုသည်။
တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား လျှပ်စီးတပ်ခွဲ (မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း တပ်ခွဲ - ၃) နှင့်အတူ ၊ မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၄ ၊ မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းနှင့် ရှန်းရှန်းတောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
Photo: လျှပ်စီးတပ်ခွဲ ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃