သေနတ်များကိုင်ဆောင်ကာ ဥပဒေမဲ့ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရနေသည့် တာချီလိတ်မြို့တွင် လူငယ်(၅)ဦးကို သေနတ်များ ကိုင်ဆောင်ထားသည့်အဖွဲ့က ပုဂ္ဂလိကစာသင်ကျောင်းရှေ့တွင် သေနတ်ပစ်ဖောက်ကာ ရိုက်နှက်ဖမ်းဆီးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အပိုင်း ပုံလို့သွားလမ်းပေါ် မီဒေးကိုယ်ပိုင်အထက်တန်းကျောင်းရှေ့တည့်တည့်တွင် ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း နှင့် ထိုအချိန်မှာ ကလေးကျောင်း ကြိုပို့ ယာဉ်များရှိနေပြီး ကျောင်းသားကလေးငယ်များလည်း ရှိနေကြောင်း သိရသည်။
အမျိုးသား(၄)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း လူငယ်(၅)ဦးတို့အား Crown အမျိုးအစား အဖြူ ရောင်ကား နှင့် ဆိုင်ကယ်တို့ဖြင့် ရောက်ရှိလာသည့် အမျိုးသား စုစုပေါင်း (၈)ဦးသည် သေနတ်များ ကိုင်ဆောင်ပြီး ဖမ်းဆီးရာမှာ မိုးပေါ် သေနတ်ပစ် ဖောက်ခြောက်လန့်ပြီး လိုက်လံ ရိုက်နှက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း အနီးဝန်းကျင်မှ မျက်မြင် တွေ့ရှိရသူများ ထံက သိရသည်။
"သေနတ်တစ်ချက် အပေါ်ကို ထောင်ပစ်တော့ အပြင်ဘက် ထွက်ပြေးသူက ပြေးသလို ကျောင်းထဲ ဝင်ပြေးသူက ပြေးတော့ သူတို့တွေ ကျောင်းထဲထိ ဝင်ဖမ်းတယ်။ နောက်တော့ အားလုံးကို မိသွားတယ်။ သူတို့တွေ အတော်လေး ရိုက်နှက်ခံရတယ်။ သူတို့ က နံပါတ်တုတ် နဲ့ ဝိုင်းရိုက်နေတာ။ လမ်းပေါ်မှာ သွေးအိုင်တွေ့ရတယ်။ သေနတ်လည်း ကိုင်ထားတာဆိုတော့ ဘယ်သူမှ မဝင်ရဲဘူး။ (၅)ယောက်တည်းက မိန်းကလေး တစ်ယောက်ကိုလည်း နံပါတ် တုတ်နဲ့ရိုက်နေတာ တွေ့နေရတယ်"ဟု အနီးဝန်းကျင်မှ မြင်တွေ့ရသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။
ဖမ်းဆီးခံရသူများမှာ အသက်(၂၀)မှ (၂၅)နှစ်ဝန်းကျင် အရွယ်များသာဖြစ်ကြောင်း နှင့် ၎င်းတို့အား ဖမ်းဆီးသူများမှာ သေနတ် အတို အရှည်များ နှင့် နံပါတ်တုတ် ကိုင်ဆောင်ထားသလို စကာပြောရာတွင်လည်း မြန်မာလို ပီသခြင်းမဟုတ်ဘဲ တိုင်းရင်းသားအသံ ဝဲသည်ဟု သိရသည်။
"သူတို့တွေကို အတော်လေး ရိုက်နှက် ဖမ်းဆီးပြီး ကားနောက်ခန်း နဲ့ ကားရှေ့ခန်းမှာ ထည့်ပြီး မောင်းထွက်သွားတယ်။ လာဖမ်းတဲ့လူတွေက တချို့ကတော့ ဖမ်းခံရသူတွေရဲ့ ဆိုင်ကယ်ကို မောင်းသွားကြတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
ကားနှင့်ဆိုင်ကယ်များ ထွက်သွားအပြီး (၅)မိနစ်ဝန်းကျင်အကြာတွင် အရပ်ဝတ်ဖြင့် ရဲတပ်ဖွဲ့ နှင့် သက်ဆိုင်ရာအဖွဲ့တို့ ဆင်ကဲ့ ရောက်ရှိလာကာ စစ်ဆေးမှုများ ပြုလုပ်ကြကြောင်း သိရသည်။
"၂၀၂၁ခုနှစ် မတိုင်မီက အခုလိုတွေ အလွယ်တကူ မဖြစ်ကြဘူး။ ၂၀၂၁ နောက်ပိုင်းက နိုင်ငံရေးလှုပ်ရှားသူတွေကို စရဖ နဲ့ ရဲတို့က အရပ်ဝတ်နဲ့ ဖားတစ်ပိုင်း ငါးတစ်ပိုင်းတွေ ဝတ်ပြီး သေနတ်တွေကိုင်ပြီး ဖမ်းဆီးတာမျိုးတွေရှိခဲ့တယ်။ အဲ့ဒီတုန်းကတော့ ရဲနဲ့တပ်က ဖမ်းဆီးတယ်ဆိုတာကို လူတိုင်းက သိကြတယ်။ အဲ့နောက်ပိုင်း တာချီလိတ်မှာ အုပ်စုလိုက် သေနတ်တွေကိုင်ပြီး စစ်သားနဲ့ရဲအတုလုပ်ပြီး ပြန်ပေးဆွဲတာ။ ဓါးပြတိုက်တာတွေ ဖြစ်လာတယ်။ ခံရသူတွေလည်း ရဲအစစ် စစ်သားအစစ်လို့ ထင်ကြတယ်။ အဲ့လိုပေါ့ တာချီလိတ်က ကျားဖြန့်အဖွဲ့တွေနဲ့ ဒုစရိုက်ဂိုဏ်းတွေက ရှေ့မှာ ရဲနဲ့စစ်တပ်က လုပ်ခဲ့တဲ့ ပုံစံမျိုး တုပပြီး လုပ်တော့ ပြည်သူတွေက ဘယ်သူက ဘာလဲဆိုတာကို မသိတော့ဘူး။ ရဲနဲ့စစ်တပ်က လို့ပဲ ထင်ကြတယ်။ ဒုစရိုက်သမားတွေက ဒါကို ကောင်းကောင်း အသုံးချသွားတယ်။ အခုနောက်ပိုင်း အရပ်ဝတ်နဲ့ သေနတ်အကြီးအသေးတွေ ကိုင်ပြီး ပြန်ပေးဆွဲတာ နေ့ခင်းကြောင်တောင် ဝင်စီး ဝင်ဖမ်းတာတွေ လုပ်လာကြတယ်။ မြင်တွေ့ရသူတွေကလည်း တပ်နဲ့ရဲက ဝင်စီးတယ်လို့ပဲ ထင်ကြရောပေါ့။ စစ်တပ်နဲ့ရဲတို့ရဲ့ ဗရမ်းပတာလုပ်ရပ်က အခုတော့ သူခိုး လမ်းပြ ဖြစ်နေပြီပေါ့ဗျာ"ဟု ဒေသတွင်း လေ့လာစောင့်ကြည့်နေသူ တစ်ဦးက ဆိုသည်။
တာချီလိတ်မြို့တွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်ကျန် ရှိနေဆဲဖြစ်ပြီး ကျားဖြန့်လုပ်ငန်းကနေ ထွက်ပြေးကြသည့် လူငယ်များ မကြာခဏ ရှိနေရာတွင် လိုက်လံဖမ်းဆီးမှုကြောင့် ပြန်ဖမ်းခံရမှုများ ရှိနေကြောင်း သိရသည်။
"တာချီလိတ်မှာ ကျားဖြန့်တွေ ရှိနေဆဲပဲ အကောင်ကြီးကြီးတွေ ရဲ့ အကာအကွယ်နဲ့ရှိနေပြီး စစ်တပ်က ဝင်လို့မရတဲ့နေရာတွေမှာရှိနေတာကြတာများတယ်။ အဲ့က လူငယ်တွေက သူတို့ခိုင်းတဲ့ သတ်မှတ်ချက်အတိုင်း မပြည့်ရင် နှိပ်စက်ခံရတော့ ထွက်ပြေးကြတယ် တချို့ဆို လွတ်သွားတယ်။ တချို့ဆို ဖမ်းခံရတယ်။ အဲ့လို ဖမ်းခံရရင် သူတို့ ကိုယ်ပိုင် အချုပ်ခန်းထဲမှာ ထည့်ထားတာ။ အဲ့က လူငယ်တွေကလည်း တာချီလိတ်က လူငယ်တွေ မဟုတ်ဘဲ တခြားက လူငယ်တွေနဲ့ တရုတ်တွေလည်း ပါတယ်။"ဟု လူငယ် တစ်ဦးက တာချီလိတ်မြို့၏ လက်ရှိ အခြေအနေကို ပြောပြသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် ဖြစ်ပွားသည်ကို မသိရသေးသော်လည်း သက်ဆိုင်ရာများက စုံစမ်းဖော်ထုတ်နေကြောင်း သိရသည်။