သံတွဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ 

သံတွဲမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲ 

အရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ် သံတွဲမြို့ရှိ အံတော်ဘောလုံးကွင်းနှင့် ဆံတော်တောင် ခြေရင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲချသွားသည်ဟု ဒေသခံများထံမှ သိရသည်။

သံတွဲမြို့မှ တောင်ကုတ်ဘက်သို့အထွက် အံတော်တံတားအဆင်းရှိ ဘောလုံးကွင်းနှင့် သံတွဲမြို့မှ ဂွမြို့ဘက်အထွက် ဆံတော်တောင်ခြေရင်း ငကျော်တောင်ရပ်ကွက်ဘက်သို့ ဗုံးကြဲချခြင်းဖြစ်သည်ဟု သိရသည်။

“နေအိမ်ပျက်စီးမှုတော့ မသိရသေးဘူး။ ဒေသခံတွေကတော့ ဘေးကင်းတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

နိုဝင်ဘာလ (၂၇)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ငပလီကမ်းခြေဘက်သို့သွားသည့် လမ်းပေါ်ရှိ နန်းချောင်းကျေးရွာ လျှပ်စစ်ဓာတ်အားခွဲရုံကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သား (၈)ဦး ဒဏ်ရာရသည်။

ဒဏ်ရာရရှိသူများမှာ နန်းချောင်းဒေသခံ ကိုကျော်လင်းသူ၊ မအေးသန္တာထွေးနှင့် စစ်ဘေးရှောင်လာသည့် လင်းသာကမ်းခြေ(ရပ်ကွက်)မှ ကိုခန့်ပိုင်စိုး၊ မအိမြတ်ဖြိုး၊ မငယ်မရီ၊ ဂျိတ္တောရပ်ကွက်မှ ဒေါ်ခင်ဝင်း၊ ကိုအောင်ခန့်ကျော်နှင့် ဦးမောင်ယိုင်သိမ်းတို့ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၂၄)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ဂျက်ဖိုက်တာတစ်စီးနှင့် သံတွဲမြို့ သစ်ငုတ္တိုရွာကို ဗုံးကြဲတိုက်ခိုက်ရာ မရိုးဘေးရွာမှ လာရောက်စစ်ရှောင်နေသည့် ကိုခိုင်ဇော် (၁၆)နှစ် သေဆုံးပြီး သစ်ငုတ္တို ရွာမှ မခိုင်ဇင်ထွေး (၁၈)နှစ်၊ ဦးသိန်းတင်(၄၉)နှစ်နှင့် ဦးတင်ရွှ (၇၇)နှစ်တို့ ဒဏ်ရာရသည်ဟု သိရသည်။ 

အာရက္ခတပ်တော်(AA)သည် သံတွဲမြို့နှင့် ကမ္ဘာကျော်ငပလီကမ်းခြေတို့ကို စက်တင်ဘာလ (၅)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

သံတွဲမြို့ကို AA သိမ်းပိုက်ပြီးနောက် သံတွဲနှင့် (၈၅)မိုင်ခန့်ဝေးသည့် ဂွမြို့နယ်ကို ဆက်လက်သိမ်းပိုက်နိုင်ရန် AA ကထိုးစစ်ဆင်နေရာ ဂွမြို့နယ်နှင့် မိုင်(၂၀)ဝန်းကျင်အကွာ၌ တိုက်ပွဲများပြင်းထန်နေသည်။

AA က ယမန်နေ့ညပိုင်းက ထုတ်ပြန်ချက်တွင် ရခိုင်တောင်ပိုင်း၏ စီးပွားရေးမြို့ တောင်ကုတ်ကို ထိန်းချုပ်ထားပြီဖြစ်ပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် စကခ (၅)တပ်မဌာနချုပ်နှင့် စကခ (၅)လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၃၄၆)နှင့် ခမရ(၅၄၄)တပ်ရင်းဌာနချုပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေသည်ဟု ဆိုသည်။

တောင်ကုတ်မြို့သည် သံတွဲမြို့နှင့် (၄၅)မိုင်ဝန်းကျင်သာဝေးပြီး ကားနှင့်သွားပါက (၂)နှစ်ရီဝန်းကျင်သာ မောင်းရသည်။

#TachileikNewsAgency