စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့များ မောက်မယ်မြို့နယ်ကို စစ်ကြောင်းထိုးနေ

စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့များ မောက်မယ်မြို့နယ်ကို စစ်ကြောင်းထိုးနေ

စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသကို စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲပြင်းထန်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထံက သိရသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၀) ရက်နေ့မှ စတင်ပြီး မောက်မယ်မြို့နယ် ဟိုနမ့်ဒေသကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ PNLA ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ (၂၆) ရက်နေ့တွင်လည်း ဟိုနမ့်ဒေသ တောင်ဘက်ရှိ PNLA၏ တပ်စခန်းကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းကျေးရွာများကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးများနှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ပအိုဝ်းရဟန်းသံဃာတော်များ၏ မေတ္တာရပ်ခံမှုကို အလေးထားပြီး PNLA က ယင်းဒေသတွင် တိုက်ပွဲဖော်ဆောင်မှုမပြုခဲ့သော်လည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သည် ပအိုဝ်းရဟန်းတော်သံဃာတော်များ၏ မေတ္တာရပ်ခံမှုကို ပစ်ပယ်ကာ ပအိုဝ်းနယ်မြေထဲသို့ ကျူးကျော်လာပြီး တိုက်ခိုက်ခြင်းဖြစ်ကြောင်း PNLA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo:PNO တပ်ဖွဲ့ဝင်များ (ပုံဟောင်း)