ခင်ဦးနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

ခင်ဦးနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း ခင်ဦးနယ် အနောက်တောင်ခြမ်း တိုက်နယ်(၂)ဒေသ ရေဦး-ညောင်ပင်သာ-ရွှေဘို ကားလမ်းဘေးရှိ တဲဘိုပင်ကျေးရွာသို့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၅)ရက်နေ့ ညနေပိုင်းက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကြောင့် ယနေ့ မနက်တွင် ဒေသခံထောင်ချီထွက် ပြေးနေရသည်ဟု သိရသည်။

၎င်းစစ်ကောင်စီတပ် အင်အား(၁၀၀)ဝန်းကျင်သည် ရွှေဘိုနယ် မြောက်ခြမ်းအား လှည့်ပတ်မီးရှို့စစ်ကြောင်းထိုးခဲ့ပြီး ခွန်တောင်ကြီး ပျူစောထီးရွာနှင့် ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံကျောင်းတို့တွင် တပ်စွဲထားရာက တဲဘိုပင်ကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်ကြောင့် တဲဘိုပင်ကျေးရွာမှ ဒေသခံများ အပြင် ကြာပင်အိုင်၊ တပင်ကောင်း(တောင်)ရွာနှင့် သရက်ပင်ဝန်းရွာ(ရွှေဘိုနယ်)ရွာများမှ ဒေသခံထောင်ချီပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု သိရသည်။

ထို့အပြင် တဲဘိုပင်ကျေးရွာအတွင်း ညအိပ်တပ်စွဲ၍ ယနေ့ ဇူလိုင်လ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် တဲဘိုပင်ကျေးရွာမှ အနောက်မြောက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ထွက်ခွာ၍ သိမ်တော်ကျေးရွာအတွင်း ဝင်ရောက်နေမှုကြောင့် ကျွန်းလည် ၊ ကျွန်းဆွယ်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ မြို့သစ်ရွာများမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး