စစ်ဘေးရှောင်များ လူသားခြင်းစာနာ ထောက်ထားမှုအကူအညီမဲ့နေခြင်းကြောင့် ကြုံရာကျပန်းလုပ်ကိုင်နေရ

စစ်ဘေးရှောင်များ လူသားခြင်းစာနာ ထောက်ထားမှုအကူအညီမဲ့နေခြင်းကြောင့် ကြုံရာကျပန်းလုပ်ကိုင်နေရ

စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော်အတွင်း စစ်ဘေးရှောင်များမှာ လူသားခြင်းစာနာထောက်ထားမှုအကူအညီမဲ့နေခြင်းကြောင့် ကြုံရာကျပန်းလုပ်ကိုင်ပြီး စားဝတ်နေရေး ဖြေရှင်းနေရသည့်အခြေအနေဖြစ်လာကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူများထံမှ သိရသည်။

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ်ပျောက်ပြီး နှစ်ချီပြီး စစ်ဘေးရှောင်နေရသည့် စစ်ရှောင်များမှာ အလှူရှင်မရှိပါက တောင်ယာအငှားလိုက်ရသည့်အခြေအနေကို အမျိုးသားများအပြင် အမျိုးသမီးများပါ လုပ်ကိုင်လာကြရသည်ဟု သိရသည်။

“ဒီ ၃ နှစ်လောက် စစ်ရှောင်ရတာမှာ တချို့တွေက တောထဲနေပြီး စစ်ရှောင်နေရတာတွေရှိတယ်။ အဝေးကိုထွက်သွားကြတာတွေရှိတယ်။ တခြားအငှားလုပ်နေကြရသူတွေရှိတယ်။ ဘာမှမလုပ်ရဘဲကို ဒီအတိုင်း အလှူရှင်လှူမှ စားရတဲ့ဒေသမျိုးတွေလည်းရှိတယ်။ ပျူရွာတွေနဲ့နီးတဲ့ နေရာတွေဆို ဘာတောင်သူမှလုပ်လို့မရတော့ဘဲ ထွက်နေကြရတာပေါ့နော်။ လုပ်ငန်းကလည်း တခြားဟာဘာမှ မရှိကြဘူး။”ဟု ကျွန်းလှ ကန့်ဘလူတက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး၊ နေအိမ်မီးရှို့ဖျက်ဆီးခြင်းကြောင့် တိမ်းရှောင်ရသူ (၄၀,၀၀၀)ကျော်ရှိနေပြီး လက်ရှိတွင်လည်း စစ်ကောင်စီတပ်၏ ပျူစောထီးအဖြစ် အတင်းအဓမ္မကောက်ယူခြင်း၊ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် အရပ်သားဦးရေသည် ထပ်တိုးလာနေသည်ဟု ဆိုသည်။

“အခုပျူလုပ်ရမှာစိုးလို့ ရှောင်ရတဲ့စစ်ရှောင်တွေရှိလာတယ်။ မဲပေါက်ပေါက်၊ မပေါက်ပေါက်ပေါ့နော် မဲနှိုက်ခိုင်းတာတွေလည်းရှိသလို နောက်ပိုင်းကျ လူမရှိတော့တဲ့ အခါကျတော့ မလိုက်မနေရစနစ်ပုံစံမျိုးလုပ်တာရှိတယ်။ နောက်တစ်ဆင့်ထပ်တက်လာတာကျ ပေါ်တာဆွဲတဲ့အဆင့်ပေါ့နော်။ ရွာတွေထဲဝင်ပြီးဆွဲတာ။ နေလို့မရတော့တဲ့အခါကျတော့ ထွက်ပြေးကြရတာ တချို့ရွာတွေဆို ရွာတစ်ဝက်လောက်ကို ရှောင်ရတော့ စစ်ရှောင်ဦးရေ ပိုတိုးလာတယ်။”ဟု ၎င်းကဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး (၄၄)လအတွင်း စစ်ကောင်စီတပ်များ၏ တိုက်ခိုက်မှုအမျိုးမျိုးကြောင့် လူဦးရေ(၄)သန်းကျော် စစ်ရှောင်ရပြီး အသက်ရှင်ရပ်တည်ရေး ကြုံရာကျပန်း လုပ်ကိုင်နေကြရသည်ဟု သုတေသန အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Burma Fascism and Nationalism Watch (BFNW) ဗမာဖက်ဆစ်နှင့်အမျိုးသားရေးဝါဒီလှုပ်ရှားမှုစောင့်ကြည့်ရေးအဖွဲ့က ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၌ စစ်ဘေးရှောင်ဦးရေမှာ (၄,၁၂၉,၉၄၉)ဦး ကျော်တိုးလာခဲ့ပြီး သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နှင့် ဆေးဝါးများကို ရရှိရန် ခက်ခဲနေဆဲဖြစ်သည်ဟု ဆိုသည်။

စစ်ရှောင်များအနေဖြင့် အလုပ်အကိုင်ရှားပါးမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု၊ လူသားခြင်းစာနာထောက်ထားမှု အကူအညီမဲ့နေခြင်းများကြောင့် အမျိုးသမီးများလည်း အမျိုးသားများနည်းတူ ကြုံရာကျပန်းလုပ်ကိုင်ပြီး စားဝတ်နေရေးဖြေရှင်းနေသည်ဟု အဆိုပါအဖွဲ့က ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရွာများကိုမီးရှို့ခြင်း၊ လူသတ်၊ ဖမ်းဆီးခြင်းများအပြင် ယခုနောက်ပိုင်း ရွာများအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်လာခြင်းတို့ကြောင့် စစ်ရှောင်ဦးရေ တိုးလာရသည်ဟုလည်း စစ်ဘေးရှောင်ကူညီသူများက ဆိုသည်။

ကရင်နီပြည်နယ်တွင်လည်း စစ်ကောင်စီထိုးစစ်ပြန်လည်ပြင်းထန်လာသဖြင့် နေရပ်ပြန် စစ်ရှောင်များမှာ ပြန်လည်စစ်ဘေးရှောင်လာရသည့်အခြေအနေကို ရင်ဆိုင်နေကြရသည်ဟု မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

“တစ်လေးလုံး စစ်ဆင်ရေးပြီး ထိန်းချုပ်ဒေသတွေမှာ ပြန်ဝင်နေတာတွေရှိတယ်။ သို့ပေမယ့် စစ်ကောင်စီထိုးစစ်က အင်အားများနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် အဲဒီရွာကို လက်နက်ကြီးပြန်ကျလာတယ်။ ဒရုန်းတွေနဲ့ လာချတာမျိုးတွေရှိတော့ စစ်ရှောင်ဦးရေက လက်ရှိ ပမာဏ ထက်ပိုတိုးလာတာရှိတယ်။”ဟု မိုးဗြဲကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံက Tachileik News Agencyကို ပြောသည်။

ထို့အပြင် စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်၍ မရနိုင်သည့်နေရာများကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခြင်းကြောင့်လည်း စစ်ရှောင်ဦးရေတိုးလာခြင်းဖြစ်ကာ ကရင်နီပြည်တွင်းရှိ လူဦး(၃)ပုံ၏ (၂)ပုံမှာ စစ်ရှောင်နေကြရသည်ဟုလည်း ဆိုသည်။

“ဝင်ငွေဆိုတာထက် တစ်ရက်ချင်း အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေရတဲ့အခြေမှာရှိတယ်။”ဟု မိုးဗြဲကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီး (၃)နှစ်ကျော်ကာလအတွင်း ကချင်တွင် စစ်ရှောင်(၁၃၀,၀၀၀)ကျော်၊ ကရင်နီတွင် (၂၃၀,၀၀၀)ကျော်၊ ကရင်တွင် (၃၂၀,၀၀၀)ကျော်၊ ချင်းတွင် (၁၉၀,၀၀၀)ကျော်၊ ရခိုင်တွင် (၂)သိန်းကျော်၊ ရှမ်းပြည်နယ်တွင် (၂၃၀,၀၀၀)ကျော်၊ မွန်တွင် (၆၄,၀၀၀)ကျော်၊ ပဲခူးတိုင်းတွင် (၃၉၀,၀၀၀)ကျော်၊ ဧရာဝတီတိုင်းတွင် (၂၀၀၀)ကျော်၊ စစ်ကိုင်းတိုင်းတွင် (၁၉)သိန်းခွဲကျော်၊ မန္တလေးတိုင်းတွင် (၉၄,၀၀၀)ကျော်၊ မကွေးတိုင်း တွင် (၁၈၀,၀၀၀)ကျော်နှင့် တနင်္သာရီတိုင်းတွင် (၁၁၀,၀၀၀) ကျော် စစ်ရှောင်နေကြရသည်ဟု ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီ လှုပ်ရှားမှုစောင့် ကြည့်ရေးအဖွဲ့၏ စာရင်းများအရ သိရသည်။

#TachileikNewsAgency