ငွေကြေးမအပ်တော့သည့်အကြောင်းပြချက်ဖြင့် ဟင်္သာတထောင်တွင် နိုင်ကျဉ်းတစ်ဦး ရိုက်နှက်ခံနေရ

ငွေကြေးမအပ်တော့သည့်အကြောင်းပြချက်ဖြင့် ဟင်္သာတထောင်တွင် နိုင်ကျဉ်းတစ်ဦး ရိုက်နှက်ခံနေရ

ဧရာဝတီတိုင်း ဟင်္သာတအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို အကျဉ်းဦးစီးဝန်ထမ်းက ဥပဒေမဲ့ ရိုက်နှက်သဖြင့် ဖူးယောင်ဒဏ်ရာများ ရရှိထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရသည်။

ဟင်္သာတအကျဉ်းထောင် အဆောင်(၄)တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်ကို တစ်ပွင့်နှင့် အကျဉ်းဦးစီးဝန်ထမ်းက ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၁)ရက်နေ့ ည(၈)နာရီက ရိုက်နှက်ခဲ့ရာ ဖူးယောင်ဒဏ်ရာများဖြင့် ရုံးထုတ်ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ 

“အရင်က ကိုရှိုင်းထက်ဇော်ရဲ့ မိသားစုဝင်တွေက အဲဒီဝန်ထမ်းကို ပိုက်ဆံအပ်တာမျိုးတွေရှိခဲ့ဖူးတယ်ပေါ့နော် အကြောင်းမသိတဲ့အချိန်မှာ။ နောက်ပိုင်းမှာတော့ ထောင်ရဲ့လုပ်ထုံးလုပ်နည်းအရပဲ ဆေးဝါးတွေပို့ရတဲ့အခါမှာ ဘာလို့သူ့ဆီကနေ မပို့တော့တာလည်းဆိုတဲ့ အကြောင်းပြချက်ရယ်၊ ဘာလို့သူ့ကို မယုံကြည်လို့လားရယ်၊ သူ့ကို အသိအမှတ် မပြုတာလားဆိုတဲ့ ပုံစံမျိုး မူးမူးနဲ့ပြောဆိုပြီး လက်ကို သံဗန်းအပြင်ဘက်ထုတ်ပြီး ရိုက် တာပေါ့နော်။”ဟု PPNM မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကို ပြောသည်။ 

နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်ဇော်မှာ ထောင်တွင်း စည်းကမ်းများကို ချိုးဖောက်၍ ရိုက်နှက်ခံရခြင်းမျိုးမဟုတ်ဘဲ အကျဉ်းဦးစီးဝန်ထမ်း အောင်ကျော်မြင့်ထံ ငွေကြေးမအပ်တော့သည့်ကိစ္စကို အငြိုးအတေးထားပြီး ၎င်းကို အသိအမှတ်မပြုတော့၍ဟုဆိုကာ အရက်သောက်၍ မူးလာချိန်တိုင်း နိုင်ငံရေးအကျဉ်းသား၏ လက်ကို သံဗန်းအပြင်ဘက်ထုတ် ရိုက်နှက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ရိုက်နှက်ခံရလို့ လက်တွေယောင်ကိုင်းနေတာမျိုးတွေ ဖြစ်ခဲ့တယ်။ ရုံးထွက်ရတဲ့အချိန်မှာတောင်မှ လက်ထိပ်ခပ်မရတော့လောက်အောင် တော်တော်လေးကိုမှ ယောင်ကိုင်းပြီးတော့ အကြီးကြီးဖြစ်သွားတာမျိုးရှိတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။ 

တစ်ပွင့်နှင့် အကျဉ်းဦးစီးဝန်ထမ်း အောင်ကျော်မြင့်ဆိုသူသည် အရက်မူးပြီး နိုင်ငံရေးအကျဉ်းသားများအား အခန်းအဆောင်များအတွင်း ပိတ်ထားချိန်တွင် ကိုရှိုင်းထက်ဇော်၏ နာမည်ကိုခေါ် ယူပြီးနောက် အခန်းအပြင်သို့ လက်သာထုတ်၍ရအောင် ပြုလုပ်ထားသော  တိုင်အတန်းများ အပြင်ဘက်ကို လက်ထုတ်ခိုင်း၍ အကြောင်းပြချက်မရှိ  ရိုက်နှက်ခြင်းဖြစ်သည်ဟု သိရသည်။ 

 

ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုရှိုင်းထက်‌ဇော်သည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သဖြင့် ပုဒ်မ(၅၀)ည၊ ၅၁ (က)တို့ဖြင့် ဟင်္သာတအကျဉ်းထောင်တွင် ဖမ်းဆီးအကျဥ်းချခံထားရသူတစ်ဦး ဖြစ်သည်။

“မြေပြင်မှာ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ၊ လူမှုရေးပြစ်ဒဏ်ပေးတာမျိုးတွေ၊ တရားစီရင်တာမျိုးတွေ ကျွန်တော်တို့ သူတို့ကို မလုပ်ဆောင်နိုင်သ၍ကတော့ သူတို့က ကျွန်တော်တို့ပြောဆိုသမျှတွေကို‌ မြေပြင်မှာ လိုက်နာဆောင်ရွက်ဖို့ဆိုတာ အင်မတန်ခဲယဉ်းတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

အကျဉ်းဦးစီးဌာနကို တော်လှန်ရေးအဖွဲ့များ၊ ပြည်သူများ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့က လက်တွေ့ကျသော ထိရောက်သည့် ဖိအားပေးမှု၊ အရေးယူမှုများပေးရန်လိုအပ်နေပြီး ထိုသို့မလုပ်ဆောင်သ၍ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေမည်ဟုလည်း ထောက်ပြပြောဆိုသည်။

 

အကျဉ်းထောင်နှင့် အချုပ်ထောင်များအတွင်းရှိ နိုင်ငံရေးအကျဉ်းသားများမှာ အချိန်မရွေး ခေါ် ထုတ်သတ်ဖြတ်ခံရမည့် အန္တရာယ်များကို ရင်ဆိုင်နေကြရပြီး လူ့အခွင့်အရေး၊ အကျဥ်းသားအခွင့်အရေးများရရှိရေးမှာ အာမခံချက်မရှိသည့်အခြေအနေကို ရောက်ရှိနေသည်ဟုလည်း PPNM က ထုတ်ပြန်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ဖော်ပြချက်အရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၂၆)ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ (၂၇,၇၁၉)ဦးရှိပြီး ထိုအထဲမှ(၂၁,၁၆၁)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉,၅၃၉)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု သိရသည်။

#TachileikNewsAgency