အရှိန်အဟုန်မြှင့်လာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၀၂၄ခုနှစ် (၁၁)လအတွင်း အရပ်သား (၄၀၀၀)ကျော် ထိခိုက်သေဆုံးရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ၂၀၂၂ ခုနှစ်အတွင်း (၄၀၄)ကြိမ်သာရှိခဲ့ရာက ၂၀၂၃ ခုနှစ်အတွင်း (၄၃၀)ကြိမ်မှ ၂၀၂၄ ခုနှစ်အတွင်း အကြိမ်ပေါင်း (၂၆၄၈)ကြိမ်အထိ တိုးမြှင့်တိုက်ခိုက်လာခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
“၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်အထိဆိုလို့ရှိရင် ၂၆၄၈ ကြိမ် လေကြောင်းမှ တိုက်ခိုက်တာတွေရှိလာပါတယ်။ မနှစ်ကထက် လေကြောင်းမှ တိုက်ခိုက်တဲ့အကြိမ်ရေ ပိုများလာပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀၀၀ နီးပါး သေဆုံး ဒဏ်ရာရရှိခဲ့ပါတယ်။”ဟု ဦးကျော်ဇော်က ပြောသည်။
ယခုကဲ့သို အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်အုပ်စုထံကို ငွေကြေး၊ လက်နက်နှင့် လေယာဉ်ဆီ စီးဆင်းမှုဖြတ်တောက်ခြင်းအားဖြင့် အရပ်သားပြည်သူလူထု၏ အသက်ကို အကာအကွယ်ပေးနိုင်မည့်အပြင် ဒေသတည်ငြိမ်မှုအတွက် အထောက်အကူပြုနိုင်မည်ဟုလည်း နိုင်ငံတကာကို ဦးကျော်ဇော်က တောင်းဆိုသည်။
“မြေပြင်မှာအထိနာနေတော့ လေယာဉ်ကိုပဲ အဓိကအားကိုးနေတာ သိသာပါတယ်။ ဒါကြောင့် လေယာဉ်ဆီဖြတ်တောက်နိုင်ရေးဟာ ပြည်သူတွေရဲ့ အသက်၊ အိုအိမ်းတွေ သေကြေ၊ ပျက်စီးဆုံးရှုးမှုကို ကာကွယ်နိုင်ရုံသာမကဘဲ စစ်အုပ်စုနဲ့ စစ်အာဏာရှင် တော်လှန်ရေး အမြန်ဆုံး ပြီးမြောက်နိုင်ဖို့အတွက်ပါ အရေးကြီးတာဖြစ်ပါတယ်။”ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
နိုင်ငံတကာမှ ပိတ်ဆို့အရေးယူထားသည့် စစ်ကောင်စီနှင့်နီးစပ်သော ကုမ္ပဏီများမှာ အမည်အသစ်ဖြင့် လေယာဉ်ဆီတင်သွင်းနေခြင်းကြောင့် စစ်ကောင်စီကို လေယာဉ်ဆီဖြတ်တောက်ရန် အခက်အခဲများရှိနေသည်ဟုလည်း ၎င်းကဆိုသည်။
“နိုင်ငံတကာအစိုးရတွေက စစ်အုပ်စုလေယာဉ်ဆီရရှိရေးအတွက် အလုပ်လုပ်ကြတဲ့ မြန်မာပြည်တွင်းကုမ္ပဏီတွေကိုပဲ အမြဲပိတ်ဆို့မှုတွေလုပ်ကြပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ပိတ်ဆို့အရေးယူခံရပြီးတိုင်း နာမည်တွေအသစ်ပြောင်းပြီး ပုံမှန်ပြန်လည်ပတ်ကြပါတယ်။”ဟု ၎င်းကဆက်ပြောသည်။
စစ်အုပ်စုကို လေယာဉ်ဆီရောင်းပေးနေသည့် နိုင်ငံတကာကုမ္ပဏီများ၊ လေယာဉ်ဆီ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများ၊ လေယာဉ်ဆီတင်သင်္ဘောများနှင့် သင်္ဘောများအတွက် ရေကြောင်းအာမခံပေးနေသည့် ကုမ္ပဏီများအပြင် လေယာဉ်ဆီသိုလှောင်ပေး နေသည့်နိုင်ငံများကို အရေးယူပိတ်ဆို့မှုများ မလုပ်ခဲ့ကြဟုလည်း ၎င်းကဆိုသည်။
“အဲ့တော့ ဒဏ်ခတ်အရေးယူမှုတွေက အားနည်းနေဆဲဖြစ်တယ်။ အမေရိကန်အပါအဝင် အီးယူနဲ့ ယူကေနိုင်ငံတွေရဲ့ အစိုးရတွေကို ကျွန်တော်တို့နဲ့ မဟာမိတ်အဖွဲ့တွေပါင်းပြီး အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ အခုထိ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်လာတာမျိုးမရှိသေးတာက တောတော်ကြီးမားတဲ့ အခတ်အခဲတစ်ခုဖြစ်ပါတယ်။”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီ၏ လေယာဉ်ဆီရရှိမှုကို ဖြတ်တောက်နိုင်ရန် တော်လှန်ရေးအင်အားစုများအနေဖြင့် လေယာဉ်ဆီသိုလှောင်ထားသည့်နေရာများ၊ လေတပ်စခန်းများ၊ ဆီသယ်ယာဉ်လမ်းကြောင်းတလျောက် ပိတ်ဆို့ဖြတ်တောက်မှုများလုပ်နိုင်ရန်လိုသည်ဟု ဆိုသည်။
“ဖြတ်တောက်မှုတွေလုပ်နိုင်ရင် ဘယ်နိုင်ငံရဲ့ အစိုးရကမဆို ထိရောက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမလုပ်လဲ ကျွန်တော်တို့ ဂရုစိုက်စရာမလိုတော့ပါဘူး။ ဒီလမ်းကြောင်းတွေကို စနစ်တကျနဲ့ ပစ်မှတ်ထားတာမျိုး မဖြစ်နေလုပ်ဖို့လည်း လိုနေတာပါ။ ဒါပေမဲ့လည်း ပြည်တွင်းလမ်းကြောင်းတွေကို ထိရောက်တဲ့တားဆီးပိတ်ဆို့မှုတွေ လုပ်နိုင်တာမျိုးတော့ ကျွန်တော်တို့လည်း မတွေ့နေရပါဘူး။”ဟု ၎င်းက ဆက်ပြောသည်။
စစ်ကောင်စီတပ်သည် မြေပြင်တိုက်ခိုက်ရေးတွင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းနည်းပါးလာပြီး စိတ်ဓာတ်ပိုင်းလျော့နည်းလာသဖြင့် လေကြောင်းစစ်ကူပေးမှသာ တိုက်ခိုက်ရဲသည့် အခြေအနေကြောင့် လေကြောင်းမှ ပြည်သူကို အကြောက်တရားပေးနေခြင်းဖြစ်သည်ဟု ဝေါပကဖက ဆိုသည်။
“ပြည်သူလူထုကို လေကြောင်းကနေ အကြောက်တရားပေးထားတဲ့သဘောပေါ့။ တိုက်ပွဲဖြစ်လာရင် လေကြောင်းစစ်ကူလာလိမ့်မယ်။ လေယာဉ်အသင့်ပြင်ထားတယ် ဆိုတာမျိုး ဝါဒဖြန့်ပြောနေတာရှိတယ်။”ဟု ၎င်းက ဆက်ပြောသည်။
လေယာဉ်ဆီပိတ်ဆို့ဖြတ်တောက်နိုင်ပါက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံး၊ ဒဏ်ရာရခြင်း နည်းလာပြီး ပျက်စီးဆုံးရှုံးမှုများလည်း နည်းပါးလာမည်ဟု သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က အကြံပြုသည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)