မြင်းခြံ ဆုံရွာမှ ထွက်လာသည့် စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆုံရွာမှ စစ်သားနှင့်ပျူစောထီးများ လိုက်ပါလာသည့် ကားတစ်စီးအား မိုင်းခြောက်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TGYR - ပြောက်ကျားတပ်ဖွဲ့) ထံမှ သိရသည်။

မြင်းခြံမြို့နယ် ဆုံရွာမှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၁)နာရီတွင် စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသည့် ခြောက်ဘီးကားတစ်စီးအား တဲကြီးကျေးရွာ အရောက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မိုင်းသုံးလုံး ပွိုင့်နှစ်ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း မိုင်းသုံးလုံးပေါက်ကွဲခဲ့ပြီး ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိသည်ဟု ကနဦးသတင်းရရှိထားကြောင်း ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် တဲကြီးရွာအရှေ့သို့ လမ်းတလျှောက် ရမ်းသမ်းပစ်ခတ်ကာ မောင်းနှင်သွားပြီး နိုဝင်ဘာလ (၂၄) ရက်နေ့တွင် တဲကြီးရွာအရှေ့ဘက်တွင် တောနင်းရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိဝိရိယဖြင့် နေထိုင်ကြရန် ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency

Video: TGYR - Youth Guerrilla Counter Revolution -NZ