ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချနေသူများအား ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်သည်။
မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးဝါးများအား စာသင်ကျောင်းများ၏ရှေ့တွင် ပေါ်ပေါ်တင်တင် ရောင်းချခြင်းနှင့် လူငယ်များအကြား မူးယစ်ဆေးဝါးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေခြင်းတို့ကြောင့် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူများအား ထိရောက်စွာ အရေးယူရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် စစ်ကောင်စီဘက်တော်သားများသည် ပြည်သူလူထုထံမှ ငွေကြေးရယူရန်နှင့် လူငယ်များ၏ အနာဂတ်ကို ဖျက်ဆီးရန် မူးယစ်ဆေးဝါးများကို ဖြန့်ဝေရောင်းချလျှက်ရှိပြီး ၊ ၎င်းတို့အား ပြည်သူများမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံ တိုင်ကြားသော်လည်း မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကျိုးစီးပွားများ ပါဝင်ပက်သက်နေသဖြင့် တိုင်ကြားသူများသာ ခြိမ်းခြောက် ရန်ပြုခံနေရကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။
ထို့ကြောင့် မင်းလှမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများအနေဖြင့် အဆိုပါ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ခြင်းမပြုရန်နှင့် သတိပေးချက်အား မလိုက်နာသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တန်းတူမှတ်ယူ၍ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency