မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ တာဝါတိုင်ကုန်းတွင် ကင်းယူထားသည့် စစ်ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေါင်းညီနောင်မြို့ပြပြောက်ကြားအဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စလင်းမြို့နယ်အတွင်းရှိ လင်းဇင်းတိုက်နယ်ရဲစခန်းအား ဒေါင်းညီနောင်မြို့ပြပြောက်ကြားအဖွဲ့က နိုဝင်ဘာလ (၂၃)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ရန် ချဉ်းကပ်စဉ် တာဝါတိုင်ကုန်းတွင် ကင်းယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့၍ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ G3၊ G4၊ စက်ကလေးနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲချိန် မိနစ် (၄၀) ကျော်ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအခြေအနေနှင့် ပက်သက်၍ ဆက်လက်စုံစမ်းနေပြီး၊ ဒေါင်းညီနောင်မြို့ပြပြောက်ကြားအဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂)ရက်နေ့ကလည်း စလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏ သစ်ခေါက်တောင်ကင်းစခန်းကို ဒေါင်းညီနောင်မြို့ပြပြောက်ကြားအဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိနစ် (၃၀)ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြကြောင်း သိရှိရသည်။
#TachileikNewsAgency
Photo: Peacock Brother Urban Guerrilla (ပုံဟောင်း)