နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၆ ဦး ဒဏ်ရာရ

နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၆ ဦး ဒဏ်ရာရ
နိုဝင်ဘာ 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ ည(၁၂)နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်သည် တိုက်လေယာဥ်ဖြင့် စျေးရပ်ကွက်နှင့် နယ်မြေ(၁ဝ)တို့ကို ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး အိမ်ခြေ(၆)လုံး ပျက်စီးကာ ဒေသခံ(၆)ဦး ဒဏ်ရာရသည်ဟု သိရသည်။ 

"ပေါင်ထိတာက အမျိုးသမီး အသက်အရွယ်မသိရသေးဘူး။ အဖွားတစ်ယောက် အုတ်ခဲပိတာရှိတယ်။

ကျန်တာ နားအူတာမျိုး ထိခိုက်တာတွေရှိတယ်။ ပေါင်ပြတ်သူတွေလည်း ရှိတယ်။"ဟု ဒေသခံတစ်ဦး က Tachileik News Agency ကိုပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈)ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ အင်းဝိုင်းသကြားစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးနှင့် ထပ်မံပစ်ခတ်ရာ စက်ရုံဝန်ထမ်းတစ်ဦး သေဆုံးသည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အင်းဝိုင်းသကြားစက်ရုံကို လေကြောင်းမှ ဗုံး(၂)ကြိမ် လာရောက်ကြဲချရာ စက်ရုံဝန်ထမ်း အမျိုးသားတစ်ဦး သေဆုံးပြီး ဂိုဒေါင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ မီးလောင်ပျက်စီးသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ