ကြံ့ဖွံ့ပါတီဝင်နှင့် ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားတို့ပါဝင်နေသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ကန့်ကွက်

ကြံ့ဖွံ့ပါတီဝင်နှင့် ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားတို့ပါဝင်နေသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို ကန့်ကွက်

ကြံ့ဖွံ့ပါတီဝင်နှင့် ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားတို့ပါဝင်နေသည့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုအား ကန့်ကွက်ရှုတ်ချကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို နိုဝင်ဘာလ(၂၀)ရက်နေ့က ဖွဲ့စည်းလိုက်ပြီး ပြည်မြန်မာဂျာနယ်တိုက်ပိုင်ရှင် ကြံ့ဖွံ့ပါတီဝင် ဒေါက်တာတင်ထွန်းဦးက ဥက္ကဌအဖြစ် ဦးဆောင်ပါဝင်နေသည်။

စစ်ကောင်စီဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီသည် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများအား ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုး ရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာကို သတင်းမှားဖြန့်ချိရေးလုပ်ဆောင်ရန်အတွက် ဆောင်ရွက်ရန်သာဖြစ်မည်ဟု IPCM ဆိုသည်။ 

ဖွဲ့စည်းခဲ့သည့် စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦး သည် စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး အတွင်းရေးမှူး ဦးအေးချမ်းမှာလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားဖြစ်ကြသည်။ 

ထို့ကြောင့် စစ်ကောင်စီအကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် မည်သို့မျှရပ်တည် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ဟုလည်း ဆိုထားသည်။ 

အဆိုပါအဖွဲ့အစည်းမှ အဖွဲ့ဝင် ဒေါက်တာ တင်အောင်ခိုင်မှာလည်း News Week ဂျာနယ်တိုက်ပိုင်ရှင်ဖြစ်ပြီး စစ်ကောင်စီနှင့်ပေါင်းကာ သစ်လုပ်ငန်းနှင့် ကားတင် သွင်းခြင်းများ လုပ်ဆောင်နေသူဖြစ်သည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် (၃)ဦး ထပ်မံအသတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်မှရေတွက်လျှင် စုစုပေါင်း(၈)ဦးအထိ ရှိလာခဲ့ပြီဖြစ်သည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁)ရက်နေ့ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား (၅၀)ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီးသီးတွင် မတရားသော ပြစ်ဒဏ်များကို ကျခံနေရဆဲဖြစ်သည်။ 

ထို့အပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်းရှိနေသည်။ 

ထို့ကြောင့် သတင်းမီဒီယာများ၊ သတင်းသမားများကာကွယ်ရေးနှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆောင်ရွက်နေကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုဘဲ သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် ရည်ရွယ်၊ ဖွဲ့စည်း၊ ရပ်တည်လုပ်ဆောင်နေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့်သာ ဆက်သွယ်ဆောင်ရွက်သင့်သည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency