ပင်းတယမြို့နယ်တွင် ဒေသခံတစ်ဦးကို RCSS ပစ်သတ်

ပင်းတယမြို့နယ်တွင် ဒေသခံတစ်ဦးကို RCSS ပစ်သတ်

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ ပိန္နဲကုန်းကျေးရွာမှ ဒေသခံတစ်ဦးကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တပ်ဖွဲ့က ပစ်သတ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၁၈)ရက်နေ့ ညနေပိုင်းက ပိန္နဲကုန်းရွာမှ ဒေသခံ ကိုစိုးနိုင်(၂၉)နှစ်သည် KPay သွားလွှဲစဉ် ငွေလွှဲလက်ခံသည့်အိမ်အနီး၌ RCSS ဘက်က ဖုန်းများစစ်ဆေးနေသည်ကိုတွေ့ရှိသဖြင့် လှည့်အပြန် နောက်ကလိုက်ပစ်ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“ည(၆)နာရီဝန်းကျင်လောက်မှာ ဖြစ်သွားတာ။ ကိုစိုးနိုင်က KPay သွားလွှဲတာ ဖုန်းစစ်နေလို့ဆိုပြီး လှည့်ပြန်တာကို နောက်ကလိုက်ပစ်တာ။ အလောင်းရတော့ မျက်လုံးတစ်ဖက် မပါလာဘူး။ ကိုစိုးနိုင်မှာ သား(၂)ယောက်ရှိတယ် ရှင်ပြုပွဲလုပ်ဖို့ (၂)လအလိုမှာ ဖြစ်သွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

RCSS တပ်များသည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းသို့ မူးယစ်ဆေးခေါင်းစဥ်ဖြင့် ဝင်ရောက်နေသည်မှာ ပြီးခဲ့သည့် အောက်တိုဘာလကတည်းကဖြစ်ကာ ဆေးဖြတ်ပေးမည်ဟုဆိုပြီး စစ်သားစုဆောင်းနေသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။

“RCSS တပ်တွေ ပိန္နဲကုန်းကျေးရွာအနောက်ဖက်ကတောင်ခြေမှာ စခန်းချတပ်စွဲထားတယ်။ အဲဒီကနေဆင်းလာပြီး အခုလိုစစ်ဆေးတာတွေ၊ တပ်သားစုဆောင်းတာတွေ လုပ်နေတာပဲ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)မှ ပြောရေးဆိုခွင့်ရှိသူများကို Tachileik News Agency က အကြိမ်ကြိမ်ဖုန်းဆက်သွယ်နေသော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပါ။

#TachileikNewsAgency