တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းအား တော်လှန်ရေပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ကြောင်း တောင်သာမြို့နယ် ပကဖ (TTA – PDF) အဖွဲ့ထံမှ သိရသည်။

တောင်သာမြို့နယ် ဇဂျမ်းရဲစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့ နံနက် (၆)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စခန်းဝန်းအတွင်းသို့ ဝင်ရောက်တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းမှ တွဲဖက်ဗိုလ်တဦး အပါအဝင် စစ်သားနှင့်ရဲ (၅)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦးရှိကြောင်း မျက်မြင်တွေ့ရှိမှုနှင့် ဖရဲသီးသတင်းအရ သိရှိရကြောင်း တောင်သာမြို့နယ် ပကဖက ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်နေစဥ် စစ်ကူလာသည့် မြင်းခြံမြို့မှ သီတာယုမွန်အဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၅၀)ခန့်ပါရှိသည့်ယာဥ်တန်းကို လမ်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းနှင့် လက်နက်ငယ်များဖြင့် မီတာ (၅၀)ခန့်မှ ထပ်မံ ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီနှင့် ပျူစောထီး (၁၇)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၁၂)ဦးရှိကာ ဒဏ်ရာပြင်းထန်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂)ဦးအား မိတ္ထီလာစစ်ဆေးရုံတွင် ကုသနေသည်ဟု မျက်မြင်နှင့် ခိုင်လုံသည့် သတင်းရင်းမြစ်မှ သိရကြောင်း တောင်သာမြို့နယ် ပကဖ က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုများအား တောင်သာမြို့နယ် ပကဖ (TTA – PDF) အဖွဲ့နှင့်အတူ Burmese Guerrilla Force – MGN (BGF)၊ Anyar Federal Task Force၊ ညောင်ဦးခရိုင် တပ်ရင်း အမှတ် (၅)၊ ညောင်ဦးမြို့နယ် ပကဖနှင့် တခြားမဟာမိတ်တပ်ရင်းတပ်ဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်သာမြို့နယ် ပကဖ (ပုံဟောင်း)