တပ်သားသစ် (၁၀၀၀)ကျော် ပါဝင်သည့် TNLA ၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်း ဆင်းပွဲ

တပ်သားသစ် (၁၀၀၀)ကျော် ပါဝင်သည့် TNLA ၏ အထူးတိုက်ခိုက်ရေး စစ်သင်တန်း ဆင်းပွဲ

 တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)၏ တပ်သားသစ် (၁,၀၀၀)ကျော် အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပြီဖြစ်ကြောင်း TNLA က  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့က သတင်းထုတ်ပြန်သည်။ 

အမျိုးသားအထူးတိုက်ခိုက်ရေး သင်တန်းဆင်းပြီးကြသည့် တပ်ဖွဲ့ဝင်များကို"၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့နယ် (၁၂)မြို့ကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန်"TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက အခမ်းအနားတွင် အမှာစကားတွင် ထည့်သွင်းပြောဆိုခဲ့သည်။ 

 အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်း၏ အမှတ်စဥ်(က) နှင့် (ခ)ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင့်ရှိစေရန် (၃)လကျော်ကြာ အဓိက သင်ကြားပေးခဲ့သည်ဟု သိရသည်။ 

ထို့အပြင် အမျိုးသမီး စစ်သင်တန်းအပတ်စဥ်(၆၆) (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ(၁၁)ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် TNLA ထိန်းချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။ 

အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ (၂၀၀)ဦးရေ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို့ အသီးသီးတာဝန်ခွဲပေးအပ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် မေလကလည်း TNLA ၏ အခြေခံ စစ်သင်တန်းအပတ်စဥ်(၆၅)ကို သင်တန်းသူ၊ သင်တန်းသား ဦးရေ (၁,၀၀၀)ကျော် သင်တန်းဆင်းကြောင်း သိရသည်။