နောင်ချိုမြို့နယ်အတွင်း တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ် နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်

နောင်ချိုမြို့နယ်အတွင်း တောင်ခမ်းကျေးရွာတွင် စစ်ကောင်စီတပ် နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်

 ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ရှည်ကျေးရွာအုပ်စုအတွင်း တောင်ခမ်းရွာတွင်  စစ်ကောင်စီတပ်စွဲထားသည့် ဘုန်းကြီးကျောင်း နှင့် (၃၅၄) အမြောက်တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(TNLA)  ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ထုတ်ပြန်ထားသည်။



ယမန်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့ တောင်ခမ်းရွာရှိ ဘုန်းကြီးကျောင်းနေရာ နှင့် နေ့လယ်ပိုင်းတွင် (၃၅၄)အမြောက်တပ်စခန်းတို့၌ တိုက်ပွဲဖြစ်ပွားသည်ဟု ဆိုသည်။



စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေပြီး စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ တိုက်ပွဲထပ်မံဖြစ်ပွားသည်ဟု သိရသည်။



ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် နောင်ချို့မြို့ နယ်ကို လေကြောင်းမှ ဗုံး(၂)လုံးကြဲချရာ အချုပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးသည် ဟု ဒေသခံများက ဆိုသည်။ 

"တရားရုံး၊ ရဲစခန်းနဲ့ တရားရုံးအနီးက နေအိမ်(၃)လုံး ပျက်စီးတယ်။ အချုပ်သားတစ်ဦး ဒဏ်ရာရတယ်။"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။ 

နိုဝင်ဘာလ (၁၂)ရက်နေ့ကလည်း နောင်ချိုမြို့ ဈေးရပ်ကွက် လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲချရာ အရပ်သား(၁၁)ဦးသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့သည်။