ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချထားသည့် ကူးဆိပ်တံတား လုံခြုံရေးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၅)နှင့် မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNU ထံမှ သိရသည်။
KNLA တပ်မဟာ(၅)နှင့် ပူးပေါင်းတပ်များက စစ်ကောင်စီတပ်၏ ကူးဆိပ်တံတားလုံခြုံရေးစခန်းအား ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု ထုတ်ပြန်ထားသည်။
သိမ်းဆည်းရရှိသည့် လက်နက်များတွင် မောင်းပြန်ရိုင်ဖယ် (၃)လက်၊ ကျည်ဖူး (၂၇)လုံး၊ (၆၀)မမကျည်ဖူး (၂၂)လုံး၊ Jammer (၃)ခုနှင့် မောင်းပြန်ရိုင်ဖယ်ကျည်တောင့် (၂၀၀၀)ကျော်တို့ ပါဝင်သည်ဟု သိရသည်။
ကူးဆိပ်တံတားလုံးခြုံရေးတပ်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ (၆)ရက်နေ့က စတင်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ(၉)ရက်နေ့တွင် အလုံးစုံသိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကူးဆိပ်တံတားလုံခြုံရေးစခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၈)ဦး သေဆုံးပြီး တော်လှန်ရေးတပ်များဘက်က နှစ်ဦး ဒဏ်ရာရသည်ဟု KNU က ထုတ်ပြန်သည်။
#TachileikNewsAgency