ကနီတွင် ညမထွက်ရအမိန့် တော်လှန်ရေးတပ်က ပထမဆုံးထုတ်ပြန်

ကနီတွင် ညမထွက်ရအမိန့် တော်လှန်ရေးတပ်က ပထမဆုံးထုတ်ပြန်
နိုဝင်ဘာ 9, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ ကျေးရွာများကို ညမထွက်ရအမိန့်အား ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့တွင် ထုတ်ပြန်သည်။ 

တော်လှန်ရေးကြာလာသည်နှင့်အမျှ ကျေးရွာအလိုက် လုံခြုံရေး ဆောင်ရွက်ထားရှိမှု လျော့နည်းလာသည်ကို တွေ့ရှိရပြီး ကျေးရွာအလိုက် လုံခြုံရေး တိုးမြှင့်ထားရှိရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ၏ သူသျှိုများ၊ ပျူစောထီးများ ယိုစိမ့် ဝင်ရောက်လာနိုင်ပြီး တော်လှန်ရေး ခေါင်းဆောင်များအပါအဝင် တော်လှန်ရေး အင်အားစုများ၏ လုံခြုံရေးကို ရှေ့ရှု၍ ကျေးရွာတိုင်း၌ လုံခြုံရေး ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုတင်းကြပ်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။ 

ထို့ကြောင့် ကနီနယ်အတွင်း ပြည်သူများအနေဖြင့် ည(၁၀)နာရီမှ နံနက်(၅)နာရီအတွင်း အပြင်မထွက်ရ၊ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များ သက်ဆိုင်ရာ ဂိတ်များကို ည(၁၀)နာရီ နံနက်(၅)နာရီအတွင်း ဖြတ်သန်းသွားလာခွင့်မပြုဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးရဲဘော်များ အရေးကြီးခရီးသွားလာခြင်းများမှလွဲ၍ ပြည်သူများ ကျန်းမာရေးကိစ္စများကြောင့် အရေးပေါ်သွားလာရမည်ဆိုက သက်ဆိုင် ရာများထံ အသိပေးရန် ထုတ်ပြန်ထားသည်။

#TachileikNewsAgency