မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရိုးဂိုးမင်းသန့်ဆီဆိုင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် မီးလောင်မှုတွင် (၂၁)ဦးဒဏ် ရာရကြောင်း ကူညီပေးသူများထံမှ သိရသည်။
မော်လမြိုင်မြို့ ရိုးဂိုးကျေးရွာ၊ မော်လမြိုင်-မုဒုံ ကားလမ်းဘေးတွင်ရှိသည့် အဆိုပါဆီဆိုင်အတွင်း ရပ်ထားသော ဆီတင်ယာဥ် စတင်မီးလောင်ရာက ပေါက်ကွဲမှုဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သူ (၂၁)ဦး ဒဏ်ရာရရှိခြင်းဖြစ်ကာ ယာဉ်မောင်းမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း သိရသည်။
"ဆီဘောက်ဆာယာဥ်ကိုလောင်တဲ့ မီးငြိမ်းခါနီးမှ ပေါက်ကွဲမှုဖြစ်တာ။"ဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကိုပြောသည်။
ဆီတင်ယာဥ်ပေါက်ကွဲမှုကြောင့် ဆီဘောက်ဆာမောင်းသူ အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် (၈)ဦးနှင့် လူမူကယ်ဆယ်ရေးအဖွဲ့ဝင် (၁၂)ဦး ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်ထန်းသည့် ဆီဘောက်ဆာမောင်းသူမှာ ယနေ့ နိုဝင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းတွင် ကွယ်လွန်သွားသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကမူ ရိုးဂိုးကျေးရွာတွင် ဆီဘောက်ဆာယာဉ် (၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မွန်ပြည်နယ်အတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ မီးသတ်ရေသယ်ယာဉ် (၈)စီး၊ Foam မီးငြှိမ်းသတ်ယာဉ် (၄)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ရာ ည(၉)နာရီဝန်းကျင်တွင် မီးငြိမ်းနိုင်ခဲ့သည်ဟုသာ ထုတ်ပြန်ထားသည်။
#TachileikNewsAgency