ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီကား တိမ်းမှောက်ပြီး စစ်ကောင်စီတပ်သားတစ်ဦး လက်ကျိုး၊ ဒေသခံတစ်ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် သေဆုံး 

ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီကား တိမ်းမှောက်ပြီး စစ်ကောင်စီတပ်သားတစ်ဦး လက်ကျိုး၊ ဒေသခံတစ်ဦးလည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခံရပြီးနောက် သေဆုံး 

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် အုန်းမှင်ကျေးရွာနှင့် ချထောက်ကျေးရွာအကြားတွင် ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့ နံနက်(၁၀)နာရီကျော်က စစ်ကောင်စီကားတစ်စီး အရှိန်လွန်ပြီး တိမ်းမှောက်မှုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆိပ်ဖြူမြို့နယ်ရှိ လမ်းဆုံရဲစခန်းရှိသော ရွာများတွင် စစ်ကောင်စီတပ်က ကင်းများချပြီး ပစ္စည်းသယ်ရန် မောင်းနှင်လာစဉ် တိမ်းမှောက်ခြင်းဖြစ်ကာ စစ်ကောင်စီတပ်သားတစ်ဦး လက်ကျိုးဒဏ်ရာရကြောင်း သိရသည်။

“ဆယ်မိုင်ကနေလာတဲ့ကားက အုန်းမှင်နဲ့ ချထောက်အကြားမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ တစ်ကောင်ကိုတော့ ချက်ခြင်းဆေးရုံးခေါ်သွားရတယ် လက်ကျိုးလို့။ သူတို့ သုံးနေကျ စစ်ကားအကြီးဗျ။ မှောက်တဲ့ကားက မသယ်သေးဘူးဗျ။”ဟု ဒေသခံတစ်ဦး က Tachileik News Agency ကိုပြောသည်။ 

တိမ်းမှောက်သည့်ကားမှာ ဆယ်မိုင်လမ်းဆုံဟုခေါ်သည့် ဆိပ်ဖြူ-ဆော၊ ဆိပ်ဖြူ-ပေါက် လမ်းပိုင်းဆုံတွင် တိမ်းမှောက်ခြင်းဖြစ်ပြီး တိမ်းမှောက်စဉ် ကားပေါ်တွင် စစ်ကောင်စီတပ်သား (၁၀)ဦးဝန်းကျင်ပါသည်ဟုလည်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ(၅)ရက်နေ့ကလည်း စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေး တပ်သည် ဆိပ်ဖြူမြို့နယ် သပြေကျေးရွာနေ အသက်(၃၆)နှစ်အရွယ် ဒေသခံတစ်ဦးကို ဖမ်းခေါ်ဆောင်သွားပြီးနောက် ဦးခေါင်းဖြတ်၍ သတ်ဖြတ်ထားခဲ့သည်ဟု သိရသည်။

“၃ ရက်နေ့ညက ဆိပ်ဖြူမြို့နယ် သပြေရွာမှာပေါ့။ သပြေက ဆိပ်ဖြူ-ဆောလမ်းပေါ်မှာ ရှိတယ်။ အဲဒါ သပြေကျေးရွာက ပြည်သူတစ်ယောက်က ညကြီးသူတို့ကို ဓာတ်မီးထိုးလို့ဆိုပြီးတော့ ဖမ်းသွားတာ။”ဟု ဒေသခံတစ်ဦး Tachileik News Agency ကိုပြောသည်။

ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်မှာ လကတ (၃၀၃၆) လေကြောင်းရန်ကာကွယ်ရေးတပ်မှဖြစ်ပြီး ဖမ်းဆီးခံရသူ၏ မိသားစုက နိုဝင်ဘာလ (၄)ရက်နေ့တွင် သွားတွေ့ရာ ဖမ်းဆီးခံရသူကို အစာမကျွေးဘဲထားကြောင်း သိရသည်။

“နောက်နေ့မှာ ချောက်မြို့နယ်ကိုပို့မယ်ဆိုပြီးပြောတယ် မိသားစုကို။ နောက်နေ့ (၅)ရက်နေ့ မနက်ကျတော့ ချောက်ကိုပို့မယ်ဆိုပြီးတော့ ကားနဲ့သွားတယ်ပေါ့နော်။ သွားတဲ့အချိန်မှာပဲ သပြေကျေးရွာအကျော် ချောင်းထဲမှာပေါ့နော် ခေါင်းဖြတ်ပြီးတော့ သတ်ခဲ့တာ။”ဟု ၎င်းကဆက်ပြောသည်။

သပြေရွာသည် ဆိပ်ဖြူ-ဆောလမ်းဘေးတွင်ရှိပြီး စစ်ကောင်စီတပ်များ တပ်စွဲနေထိုင်းခြင်းမရှိဘဲ ရံဖန်ရံခါ လာရောက်ကင်းယူစဉ် အဆိုပါဒေသခံ ဖမ်းဆီးခံရခြင်းဖြစ်ကာ သေဆုံးသူ၏ ရုပ်အလောင်းကို မိသားစုက ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

“ဆိပ်ဖြူမှာ ဒီရက်ပိုင်း ပြည်သူကို အကြောင်းမဲ့သတ်ပစ်တာ။ ပေါတာဆွဲနေတာ ဖြစ်တဲ့အတွက် ပြည်သူအားလုံး ဂရုစိုက်ပြီး အတတ်နိုင်ဆုံး စကစတွေနဲ့ ထိပ်တိုက် မတွေ့မိဖို့ ပြောချင်ပါတယ်။”ဟု ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်က အသိပေးသည်။

ဆိပ်ဖြူမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကလည်း ဆိပ်ဖြူမြို့ပေါ်ရှိ ကြက်သွန်ပွဲစားအလုပ်သမားများကို ပေါတာဆွဲကာ ချောက်မြို့နယ် ခလရ (၁၃)၌ စစ်သင်တန်းပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : Internet (ပုံဟောင်း)