အင်းတကော်မြို့တွင် တပ်မ ၇၇ ယူနီဖောင်းဝတ်ဆင်ထားသူများက ငွေကျပ်သိန်း ၃၀၀ ကျော်ဓားပြ တိုက်ယူသွား

အင်းတကော်မြို့တွင် တပ်မ ၇၇ ယူနီဖောင်းဝတ်ဆင်ထားသူများက ငွေကျပ်သိန်း ၃၀၀ ကျော်ဓားပြ တိုက်ယူသွား
နိုဝင်ဘာ 7, 2024 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း အင်းတကော်မြို့ အဆိပ်ကုန်းကျေးရွာ ဓားပြမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်နေပြီး ဒေသခံများ၏ ပြောဆိုချက်အရ ဓားပြတိုက်သူများသည် တပ်မ(၇၇)တံဆိပ်ပါ ယူနီဖောင်းများကို ဝတ်ဆင်ထားသည်ဟု Inntakaw People's Defence Force-IPDF ထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့က အဆိပ်ကုန်းကျေးရွာသို့ ခြံမြေဝယ်ရန် လာရောက်သော သူဌေးနှင့် အပါတစ်ဦး စီးလာသောကားအား အမည်မသိအဖွဲ့တစ်ခုက ဓားပြတိုက်ရာ ငွေကျပ်သိန်း(၃၀၀)ကျော်ပါသွားသဖြင့် စစ်ကောင်စီတပ်က အစစ်အဆေးတင်းကြပ်နေသည်ဟု ဆိုသည်။

“အင်းတကော်နယ်အတွင်း အစစ်အဆေးများတင်းကြပ်နေကြောင်း ဆိုင်ကယ် ကယ်ရီ သတင်းရပ်ကွက်မှ သိရှိရပါတယ်။အဆိုပါနေ့ မနက်ဆယ်နာရီခွဲခန့်တွင် အဆိပ်ကုန်း ကျေးရွာသို့ ခြံမြေဝယ်ရန်လာရောက်သော သူဌေးနှင့်အပါ ၁ ဦးစီးလာသော ကားအား အဆိပ်ကုန်းရွာလမ်းတနေရာအရောက် ဆိုင်ကယ်စီး လက်နက်ကိုင်များမှ လက်နက်ပြ၍ ဓားပြတိုက်သွားကြောင်း ငွေကျပ်သိန်းသုံးရာ ကျော်ခန့်ပါသွားကြောင်းကြားသိရ။”ဟု Inntakaw People's Defence Force -IPDF က ဖော်ပြထားသည်။

ဓားပြတိုက်သူများမှာ ဆိုင်ကယ်အနီရောင်တစ်စီးကို စီးနင်းလာပြီး ဓားပြတိုက်ခြင်းဖြစ်သဖြင့် စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်စစ်ဆေးရှာဖွေနေကာ အင်းတကော်ဆယ်မိုင်ကုန်းလမ်းဆုံ၌ အဆိုပါဖြစ်စဥ်ပြီးသည့်နေ့မှ ယနေ့အထိ စစ်ဆေးမှုများ တင်းကြပ်နေသည်ဟု သိရသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်း နေဆဲဖြစ်ပါသည်။

#TachileikNewsAgency