တော်လှန်ရေးတွင် ပါဝင်နေသူများအနေဖြင့် ပထဝီနိုင်ငံရေး ချောက်ထဲမကျရန် သတိထားဆင်ခြင်ပြီး ပန်းတိုင်ရောက်ရှိရန် ကြိုးစားကြရမည်ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက တိုက်တွန်းပြောဆိုသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့၌ ကျင်းပခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့မှ ပူးတွဲလုပ်ဆောင်သော “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်”သတင်းစာရှင်းလင်းပွဲတွင် ပဒိုစောတာဒိုမူးက တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီနေ့တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပါတယ်။ ကျနော်တို့တော်လှန်ရေးမှာပါဝင်သူများ အားလုံးဟာ ပထဝီနိုင်ငံရေးရဲ့ ချောက်ထဲကိုမကျဖို့ကိုလည်း သတိထား ဆင်ခြင်ကြရမှာဖြစ်သလို မိမိ လိုချင်ရာပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ကိုလဲ ကြိုးစားကြရမှာဖြစ်ပါတယ်။” ဟု ပဒိုစောတာဒိုမူးက ပြောသည်။
ပြည်သူလူထုကြောင့် တော်လှန်ရေးသည် အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဒုက္ခများကို ကြံ့ကြံ့ခိုင်ပြီး ကျော်လွှား တောင့်ခံနေကြခြင်းအပေါ် ဂုဏ်ယူကြောင်းနှင့် ဆက်လက်ပြီး အတူတကွ ရုန်းကန်၍ ခက်ခဲသည့်အချိန်များကို ကျော်ဖြတ်ကြရန် KNU အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်း ပြောဆိုသည်။
မြန်မာနိုင်ငံအတွင်းသို့ လေယာဉ်ဆီ ၊ အမြောက် ၊ လက်နက်ကြီးကျည်များ ၊ လက်နက်ငယ်များ ၊ ခဲယမ်းမီးကျောက်များ နှင့် လက်နက်ထုတ်လုပ်သည့် ပစ္စည်းများ ဆက်လက်ပေးပို့နေခြင်းများသည် ပဋိပက္ခကို တိုးမြှင့်စေပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ရန်အတွက် တွန်းအားပေးမှုကို ဖြစ်ပေါ်စေကြောင်းကိုလည်း သတင်းစာရှင်းလင်းပွဲတွင် ပဒိုစောတာဒိုမူးက ဆိုသည်။
စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများ ရောက်ရှိနိုင်မှု ရပ်တန့်ရန်၊ စစ်ကောင်စီကို သံတမန်ရေးရာအရ တရားဝင်မှုမပေးအပ်ရန်၊ စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ရန် စသည်ဖြင့် လိုအပ်ကြောင်းကို ASEAN၊ UN နှင့် နိုင်ငံတကာတို့အား KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက အကြုံပြုပြောဆိုခဲ့သည်။
#TachileikNewsAgency
Photo: KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး