တနင်္သာရီမြို့နယ်အတွင်း လမ်းကင်းယူနေသည့် စစ်သားများနှင့် စစ်ကောင်စီ ရိက္ခာကားများအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်း လမ်းကင်းယူနေသည့် စစ်သားများနှင့် မြိတ်မှ တနင်္သာရီမြို့နယ်ဘက်သို့ ဦးတည်လာသည့် စစ်ကောင်စီ ရိက္ခာကားများအား (၂) ကြိမ် မိုင်းဆွဲတိုက်ခိုက်ကြောင်း တနင်္သာရီမြို့နယ် ပကဖ က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာ လမ်းဆုံတွင် ဇဝဲရွာအခြေစိုက် အမှတ် (၅၅၆) တပ်မှ စစ်ကောင်စီတပ်သားများ လမ်းကင်းယူနေချိန်၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့ နေ့လယ် (၂) နာရီ (၄၅) မိနစ်တွင် တနင်္သာရီမြို့နယ် ပကဖ ဇုန် (၅) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယင်းနေ့ ညနေ (၃) နာရီခွဲဝန်းကျင်တွင် မြိတ် မှ တနင်္သာရီမြို့နယ်ဖက်သို့ ဦးတည်လာသည့် စစ်ကောင်စီ ရိက္ခာကား (၄)စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တနင်္သာရီမြို့နယ် ရမ်းဖိုရွာနှင့် ချောင်းညီကိုရွာကြားတွင် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိခဲ့ပြီး သေဆုံးနှင့်ဒဏ်ရာရရှိသူများအား မြိတ်သို့ အရပ်သားကားနှင့် ပို့ဆောင်ခဲ့သည်ဟု မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း တနင်္သာရီမြို့နယ် ကဖ က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအား တနင်္သာရီ ပကဖ ဇုန် (၅) ၊ တနင်္သာရီ ပကဖ ဇုန် (၃) နှင့် ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့