တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံး
အောက်တိုဘာ 31, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် တောင်ကုတ်မြိုနယ်ရှိ မောင်းရွာနှင့် မီးကျောင်းထိုးရွာတို့ကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲချရာ အရပ်သား(၅)ဦး သေဆုံးပြီး (၅)ဦးထက်မနည်း ဒဏ်ရာရကာ နေအိမ်(၄)လုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က မောင်းရွာကို ဗုံး(၂)လုံး ကြဲတိုက်ခိုက်မှုကြောင့် မစုမြတ်ဝင်း (၁၄)နှစ်၊ မဝတ်ရည်ဝင်း (၁၄)နှစ်၊ ဒေါ်မကျန်တင် (၄၈)နှစ်၊ ကိုနိုင်လင်းစိုး (၃၁)နှစ်တို့ မှ နေရာတွင်ပင် သေဆုံးခဲ့ရပြီး ဒေါ်ကျန်တင် (၄၉)နှစ်မှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရသူများထဲတွင် မစုမာဖြိုး (၁၇)နှစ်၊ ဒေါ်တင်အေး (၆၅)နှစ်၊ ဒေါ် ခင်ခင်စန်း (၄၇)နှစ်၊ ဦးမောင်ဖြူချေ (၃၆)နှစ်နှင့် ဦးသောင်းအေး (၅၆)နှစ်တို့ပါဝင်ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် တောင်ကုတ်မြို့နယ် မီးကျောင်းထိုးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး အခြေအနေအသေးစိတ်ကို မသိရသေးဟု ဒေသခံများက ဆိုသည်။

စစ်ရှုံးစစ်ကောင်စီသည် ၎င်းတို့စစ်ရှုံးသွားသည့် မြို့၊ ရွာများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့၊ ရွာများကိုလည်း လေကြောင်းအားကိုးဖြင့် ဗုံးကြဲကာ ပြည်သူကိုသတ်ဖြတ်နေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:APM