အိုင်ပေါင်းချောင်ရွာမှ အရပ်သား ၃၇ ဦးကို ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား

အိုင်ပေါင်းချောင်ရွာမှ အရပ်သား ၃၇ ဦးကို ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် အရပ်သား (၃၀)ကျော်ကို ဖမ်းဆီးကာ ကန့်ဘလူ (၆၀၀၆)တင့်ကားတပ်တွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အောက်တိုဘာလ (၃၀)ရက်နေ့က ကန့်ဘလူမြို့နယ် ကာဘိုးပျူအထိုင်မှထွက်လာသော စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား(၁၅၀)ဝန်းကျင်သည် ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား ဝင်ရောက်မီးရှို့ဖျက်ဆီးပြီးနောက် အိုင်ပေါင်းချောင်ရွာမှ အရပ်သား(၃၇)ဦးအား ဖမ်းဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း သယ်ဆောင်ကာ ကာဘိုးပျူစောထီးစခန်းကို ခေါ်ဆောင်သွားသည်ဟု သိရသည်။ 

“အိုင်ပေါင်းချောင်က ပြည်သူတွေက မရှောင်ကြဘူးလို့ သိရတယ်။ ကျီစုနဲ့ ကျောက်တိုင် ရွာတွေကို မီးရှို့ပြီးပြန်ထွက်လာမှ အိုင်ပေါင်းချောင်က ပြည်သူတွေဖမ်းသွားတာ။”ဟု ဒေသခံတစ်ဦးက ပြောကြောင်း ကျွန်းလှကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူ ခရိုင်)က ဆိုသည်။ 

ဖမ်းဆီးခံရသူများမှာ အမျိုးသား(၃၄)ဦးနှင့် အမျိုးသမီး(၃)ဦး စုစုပေါင်း(၃၇)ဦးဖြစ်ကာ မည်သူများဖြစ်သည်ကိုမူ အတိတကျမသိရသေးဟုလည်း ဆိုသည်။

ကန့်ဘလူမြိုနယ် ကာဘိုးတိုက်နယ်အတွင်းရှိ ကျီစုရွာသည် အိမ်ခြေ(၉၀၀)နီးပါးရှိပြီး စစ်ကောင်စီတပ်၏ (၂)ကြိမ်မီးရှို့ဖျက်ဆီးခဲ့ခြင်း‌ကြောင့် အိမ်ခြေ(၆၆၆)လုံးနှင့် ဗလီတစ်လုံး မီးလောင်ပျက်ဆီးခဲ့ရာ ယခုတစ်ကြိမ်သည် (၃)ကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး အိမ်ခြေမည်မျှ ဆုံးရှုံးကြောင်းကိုမူ မသိရသေးပါ။

ထို့အပြင် ကျောက်တိုင်ရွာမှာလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသည်မှာ ဒုတိယ အကြိမ်ဖြစ်ပြီး ပထမအကြိမ်စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် (၁၇၃)လုံးနှင့် ဆွမ်းစားဆောင်တစ်ဆောင် မီးလောင်ပျက်စီးထားကြောင်း သိရသည်။

#TachileikNewsAgency

Photo : အိုင်ပေါင်းချောင်ရွာမှ အရပ်သားများကို စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးထားစဥ်