မန္တလေး PDF အချုပ်ခန်းကို စစ်ကောင်စီထပ်မံဗုံးကြဲ နှစ်ရက်အတွင်း စစ်သုံ့ပန်း ၁၆ ဦး သေဆုံး

မန္တလေး PDF အချုပ်ခန်းကို စစ်ကောင်စီထပ်မံဗုံးကြဲ နှစ်ရက်အတွင်း စစ်သုံ့ပန်း ၁၆ ဦး သေဆုံး

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်၏ စစ်သုံ့ပန်းများထားရှိသည့် အချုပ်ခန်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ရာ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါ (၄)ဦး သေဆုံးကြောင်း မန္တလေး PDF က ထုတ်ပြန်သည်။

ယနေ့ နံနက် (၁)နာရီတွင် အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် (၄)ဦး သေဆုံးကာ ဒဏ်ရာရရှိသူတစ်ဦးရှိသည်ဟု ဆိုသည်။

အောက်တိုဘာလ (၂၈)ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်ခဲ့သည်။ 

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများထားရှိရာ အဆောက်အအုံအားထိမှန်ခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင်ရှိခဲ့သည်။

စစ်ကောင်စီသည် သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသော ၎င်းတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့် နှစ်ရက်တာအတွင်း သေဆုံးသူ (၁၆)ဦးအထိရှိလာကြောင်း သိရသည်။

#TachileikNewsAgency

Photo: မန္တလေး PDF