ပဲခူးတိုင်း သာယာဝတီခရိုင် နတ်တလင်းမြို့နယ်အတွင်း စစ်သားနှင့်ရဲများ စီးလာသည့် ဆိုင်ကယ်ယာဉ်တန်းအား ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ကြောင်း သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၁ ၊ တပ်ခွဲ - (၂) (Phoenix DF) အဖွဲ့မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
နတ်တလင်းမြို့နယ် ဒမငယ်ကျေးရွာမှ ယနေ့ အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၉)နာရီဝန်းကျင်တွင် ထွက်လာသည့် ခန့်မှန်းအင်အား (၂၄) ဦးခန့် ပါရှိသည့် စစ်သားနှင့်ရဲ ပူးပေါင်းအဖွဲ့ ဆိုင်ကယ် (၁၂)စီး နှင့် မကျီးပင် ကျေးရွာမှ ထွက်လာသည့် ခန့်မှန်းအင်အား (၁၀) ဦးခန့် ပါရှိသည့် စစ်သားနှင့်ရဲ ပူးပေါင်းအဖွဲ့ ဆိုင်ကယ် (၅)စီး တို့သည် အိုးဘိုကုန်းရွာထိပ်တွင် ချိတ်ဆက်တွေ့ဆုံပြီး နံနက် (၉)နာရီ (၁၅)မိနစ်တွင် အိုးဘိုကုန်းကျေးရွာမှ မကျီးပင်ကျေးရွာသို့ ပြန်လာကြကြောင်း သိရသည်။
မကျီးပင်ကျေးရွာသို့ ပြန်လာသည့် ခန့်မှန့်အင်အား (၁၀)ဦးခန့် ပါရှိသည့် စစ်သားနှင့်ရဲ ဆိုင်ကယ် (၅)စီးအား မကျီးပင်ကျေးရွာအနီး ဘုရားတောင်ကုန်းနားအရောက်တွင် Phoenix DF အဖွဲ့မှ ပထမအကြိမ်အဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုမိုင်းဆွဲတိုက်ခိုက်သည့် အသံကိုကြားသဖြင့် အိုးဘိုကုန်းရွာထိပ်တွင် ကျန်နေခဲ့သည့် စစ်သားနှင့်ရဲ ခန့်မှန်းအင်အား (၂၀)ခန့် ပါရှိသည့် ဆိုင်ကယ် (၁၂)စီးမှ (၁၀)စီးသည် နောက်မှ လိုက်လာပြီး နံနက် (၉)နာရီ (၃၅)မိနစ်တွင် ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာသို့ ရောက်ရှိချိန်၌ ဒုတိယအကြိမ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု (၂)ကြိမ်အတွင်း စစ်ကောင်စီတပ်သား (၁)ဦးနှင့် ရဲတပ်သား (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ထားသူများအား နတ်တလင်းမြို့ပေါ်မှ ရဲကား (၁)စီးနှင့် လူနာတင်ကား (၂)စီး စုစုပေါင်း (၃)စီးဖြင့် လာရောက် သယ်ဆောင်သွားခဲ့ကြောင်း Phoenix DF အဖွဲ့က ဆိုသည်။
နတ်တလင်းမြို့နယ်အတွင်း စစ်တပ် ၊ ရဲ ၊ ပျူစောထီးနှင့် ဒေါက်တိုင်များအား အခါအခွင့်သင့်သလို တိုက်ခိုက်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာလှုပ်ရှားခြင်းများ မပြုကြရန် သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၁ ၊ တပ်ခွဲ - (၂) (Phoenix DF)အဖွဲ့က အသိပေးထားသည်။
#TachileikNewsAgency
Photo:သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပုံဟောင်း)