ချောက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးကာ ရွာများကိုမီးရှို့ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွား

ချောက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းထိုးကာ ရွာများကိုမီးရှို့ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွား

မကွေးတိုင်း ချောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့ကစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပြီး နှစ်ဖက်ကျဆုံးမှုရှိကာ ကျေးရွာပေါင်း (၂၂)ရွာမှ ပြည်သူထောင်ချီပြီး  စစ်ဘေးရှောင်နေကြရကြောင်း Kyaukpadaung Defence Force-KDF ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ကုန်းကြီး၊ ထိန်စမ်းလမ်းမှ စတင်ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းနှင့် ထိန်စမ်းကျေးရွာ၏ တောင်ဘက်တွင် CRA နှင့် မဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ အထိခိုက်အကျဆုံးများသဖြင့် နေ့လယ်ပိုင်းတွင် လေကြောင်းပစ်ကူပေးခဲ့ရာ ညပိုင်းအထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

အောက်တိုဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဂွေးပင်လေး၊ ဂွေးပင်ကြီးကျေးရွာဘက်ခြမ်းမှ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ညနေပိုင်းတွင် ကတိုင်တောင်ရွာကို ဝင်ရောက်စီးနင်းသွားသည်ဟု ဆိုသည်။

ယင်းနေ့ ညပိုင်းတွင် ကတိုင်တောင်ရွာမှ ပြန်လည်ထွက်ခွာပြီး အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်ပိုင်းတွင် နရွဲတောကျေးရွာ၏ အရှေ့ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတို့မှ နရွဲတောကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသဖြင့် နေအိမ်(၃၃)လုံး မီးလောင် ဆုံးရှုံးသည်ဟု သိရသည်။

စစ်ကောင်စီတပ်များ မီးရှို့နေစဥ်အတွင်း ရွာအနောက်ဘက်အခြမ်းနှင့် မြောက်ဘက်အခြမ်းတို့မှ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီစစ်ကြောင်းသည် ရွာတောင်ဘက်ခြမ်းမှ ပြန်လည်ထွက်ခွာသွားသည်ဟု သိရသည်။

ယင်းနေ့ နေ့လယ်ပိုင်းတွင် ရွာမကျေးရွာဘက်သို့ ထပ်မံစစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် ရွာမကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ရာ အထိနာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် လေကြောင်းပစ်ကူ အကူအညီယူခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် (၃)ဦး ကျဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ရှောင်နေသော ပြည်သူ (၂)ဦးလည်း သေဆုံးကြောင်း သိရသည်။

ညနေပိုင်းတွင် စစ်ကောင်စီတပ်များသည် ရွာမကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး မီးရှို့ရာ နေအိမ်(၂၀)လုံး မီးလောင်ခဲ့ပြီး ထပ်မံလေကြောင်းတိုက်ခိုက်မှုကြောင့်ဘုန်းကြီးကျောင်းဆောင်များ ပျက်စီးခဲ့ရကြောင်း သိရသည်။

အောက်တိုဘာလ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် ရွာမကျေးရွာတောင်ဘက်ခြမ်းမှ စစ်ကောင်စီစစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားသည်ဟု သိရသည်။ 

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို Chauck Revolution Army(CRA)နှင့် သရက်ခရိုင်တပ်ရင်း (၅)၊ Kyaukpadaung Defence Force (KDF)၊ အာဠာဝက မြို့ပြ ပြောက်ကျားတပ်ဖွဲ့၊ မကွေးခရိုင် တပ်ရင်း(၁)၊ မကွေးခရိုင် တပ်ရင်း(၂)၊ မကွေးခရိုင် ပကဖ အထူးတိုက်ခိုက်ရေးအဖွဲ့၊ ချောက်ပကဖ ၊ပခုက္ကူ ပကဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Kyaukpadaung Defence Force -KDF