လှိုင်သာယာမြို့နယ်တွင် လူငယ်တစ်ဦး စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မဖမ်းဆီးခံရ 

လှိုင်သာယာမြို့နယ်တွင် လူငယ်တစ်ဦး စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မဖမ်းဆီးခံရ 

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် လူတစ်စုက လူငယ်တစ်ဦးအား စစ်ကောင်စီလက်အောက်တွင် စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူထံမှ သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ကိုသက်နိုင်(အမည်လွှဲ) သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၉)ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတခုတွင် အလုပ်လျှောက်၍ ပြန်လာပြီးနောက် အလုပ်ရသည့် စက်ရုံကို မကြိုက်၍ နောက်ထပ်စက်ရုံတခုကိုရှာနေစဉ် လူတယောက်က စက်ဘီးဖြင့် ရောက်လာပြီး အလုပ်စပ်ပေးမည်ဟု ခေါ်ဆောင်ကာ အဓမ္မ စစ်မှုထမ်း စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ကားဝက်ရှော့မှာ ၁ လကို ၃ သိန်း ရမယ် ၃ လလောက် လုပ်ပြီးရင် ၅ သိန်း ရမယ်ဆိုပြီး အလုပ်စပ်တယ်။ လက်ဖက်ရည်ဆိုင်က ထွက်လာတော့ သူဌေးကို ဖုန်းဆက်ခေါ်တယ်။ နောက် လူတစ်စု ရောက်လာပြီး ဓားနဲ့ထောက်ပြီး ကားပေါ်ဆွဲတင်တယ်။ ကားထဲရောက်တော့ မှန်တင်လိုက်တယ်။ မင်းအသက်ဘယ်လောက်ရှိပြီလည်း (၂၂)နှစ်ကျော်ဆိုတော့ မင်း စစ်ထဲဝင်ရမယ်ဆိုပြီး ဝိုင်းထိုးကြတယ်၊ ပါးရိုက်တယ်၊ ဓားနဲ့ထောက်ထားပြီး မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ်ကို ပို့တယ်။” ဟု ကိုသက်နိုင်နှင့် ဖုန်းအဆက်အသွယ်ရရှိသူတဦးမှ Tachileik News Agency ကို ပြောသည်။

ကိုသက်နိုင်သည် ဖမ်းဆီးခံရပြီးနောက် မင်္ဂလာဒုံ စစ်သားစုဆောင်းရေးတပ်သို့ ပို့ဆောင်ခံခဲ့ရပြီး ဆားလင်းကြီး ကိုယ်စားပြုအနေဖြင့် မကွေးတိုင်း (၈၈) တပ်သို့ ပို့ဆောင်ခြင်းခံခဲ့ရကာ ထိုမှတဆင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့ရှိ စခတ (၄) သို့ ပို့ဆောင်ခြင်းခံရကာ လက်ရှိတွင် စစ်သင်တန်း (၃)လ တက်ရောက်နေရကြောင်း သိရသည်။

“သူက ၁၀ ယောက်ကို ဦးဆောင်ရတယ်။ သူ့ပုခုံးပေါ်မှာ ထောက်တင်ထားတယ်တဲ့၊ ဒီနေ့ သေနတ်ပစ် စသင်ရပြီ ၊ ပုဆိုးတစ်ထည်နဲ့ စစ်ဝတ်စုံ (၁)စုံထဲပေးလို့ မလျှော်ဘဲ ဝတ်နေရတာ (၅) ရက်ရှိပြီတဲ့။ ဖုန်းဆက်လို့ရအောင် ဆရာကြီးတွေကိုလည်း ဖားထားရသေးတယ်တဲ့။ သားကို လွတ်အောင် ကြိုးစားပေးကြပါတဲ့ သင်တန်းမဆင်းခင် ရအောင်လုပ်ပေးပါ။ သင်တန်းပြီးရင် ရှေ့တန်းထွက်ရမှာတဲ့ သား သေလိမ့်မယ်။ ထုတ်လို့မရဘူးဆိုရင် စိတ်ဓာတ်ကျသွားလိမ့်မယ်တဲ့။”ဟု ဖုန်းအဆက်အသွယ်ရရှိစဉ် ကိုသက်နိုင်မှ ပြောဆိုကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကဲ့သို့ အဓမ္မဖမ်းဆီးခံရခြင်း၊ အဓမ္မစစ်သားစုဆောင်းခံရခြင်းနှင့် ပက်သက်ပြီး မိသားစုဝင်များက ရန်ကုန်မြို့ရှိ ရဲစခန်းတစ်ခုတွင် အမှုဖွင့်တိုင်ကြားထားပြီး ရဲစခန်းက အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ၏ ဓာတ်ပုံ၊ သန်းခေါင်စာရင်းနှင့် ကျေးရွာလူကြီးထောက်ခံစာတောင်းယူပြီး အမှုလက်ခံထားကြောင်း ကူညီဆောင်ရွက်ပေးနေသူတဦးထံက သိရသည်။

"စစ်မှုထမ်းဖို့အတွက် အဓမ္မစုဆောင်းခံရတာက အဓမ္မခိုင်းစေမှုမြောက်သလို စစ်မှုထမ်းဖို့ ငွေကြေးနဲ့ အရောင်းအဝယ် လုပ်နေခြင်းကလည်း လူကုန်ကူးမှုမြောက်ပါတယ်။ စစ်မှုထမ်းဥပဒေမှာပါတဲ့ ငွေညှစ်ပြီး စစ်မှုမထမ်းစေရဆိုတဲ့ အချက်ကို ဆန့်ကျင်နေပါတယ်။"ဟု အဓမ္မစစ်မှုထမ်း စုဆောင်းခံရခြင်းနှင့် ပက်သက်ပြီး ကူညီဆောင်ရွက်ပေးနေသူ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်စုစုနွေးက Tachileik News Agency ကို ပြောသည်။

စစ်မှုထမ်းရန်အတွက် အဓမ္မစုဆောင်းခံရပါက စုဆောင်းခြင်းခံရသည့် နယ်မြေရဲစခန်း ၊ မြို့နယ်ထွေအုပ် နှင့် ကျေးရွာ (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ စာတင်ပြီး အကြောင်းကြားခြင်း ၊ ပြည်သူ့စစ်မှုထမ်းခေါ်ဆောင်ရေး ဗဟိုကော်မတီသို့ စာတင်ခြင်းနှင့် သတင်းမီဒီယာများထံသို့ အသိပေးအကြောင်းကြားခြင်းများ လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

မြန်မာနိုင်ငံအနှံ့တွင် စစ်မှုထမ်းစုဆောင်းခံရသူ (၂) သောင်းကျော်ရှိနေပြီး ၊ စစ်မှုထမ်း သင်တန်းများသည် အပတ်စဉ် (၃) အထိ သင်တန်းဆင်းသွားပြီဖြစ်သောကြောင့် သင်တန်းဆင်း အရေအတွက်သည် (၁၃၀၀၀)ကျော် အထိရှိနေပြီဖြစ်ကြောင်း Burma Affairs & Conflict Study အဖွဲ့၏ အချက်အလက်ကောက်ယူမှုများအရ သိရသည်။

စစ်မှုထမ်း စတင်စုဆောင်းစဉ်တွင် သင်တန်းဆင်းပြီးပါက မိမိတို့ရပ်ရွာဒေသတွင်ရှိသည့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်စေရေးအတွက် ရည်ရွယ်သည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန်ခဲ့သော်လည်း အများစုမှာ အပတ်စဉ် (၁)သင်တန်းမှ စတင်၍ သင်တန်းဆင်းသည်နှင့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံနေရပြီး သေဆုံးမှုများပင် ရှိနေသည်။

#TachileikNewsAgency

Photo: စစ်ကောင်စီကဖွင့်လှစ်သည့် စစ်သင်တန်းတွင် သင်တန်းသားများကို အသုံးအဆောင်များ ပေးအပ်နေစဥ် (ပုံဟောင်း)