အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင်ဖယ်ရှားမှသာ ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ထောင်နိုင်ဟု SNLD က တိုက်တွန်း

အာဏာရှင်စနစ်နှင့် ထောက်တိုင်များ အပြီးတိုင်ဖယ်ရှားမှသာ ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ထောင်နိုင်ဟု SNLD က တိုက်တွန်း
အောက်တိုဘာ 26, 2024 | နိုင်ငံရေးသတင်းများ

အာဏာရှင်စနစ်နှင့် ယင်း၏ထောက်တိုင်များအား အပြီးတိုင်ဖယ်ရှားမှသာ နိုင်ငံရေး ပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းနှင့် အဖြေရှာနိုင်ကာ ဖက်ဒရယ်ပြည်ထောင်စုကို စုပေါင်းတည်ထောင်နိုင်မည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်း ထုတ်ပြန်သည်။

ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့တွင် ကျရောက်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ (၃၆)နှစ်ပြည့် ဖွဲ့စည်းတည်ထောင်ခြင်းအထိမ်းအမှတ် ထုတ်ပြန်ချက်တွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

ပြည်တွင်းစစ်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လက်မခံသည့် အာဏာရှင်အဆက်ဆက်၏ ကျဉ်းမြောင်းယုတ်ညံ့သော နိုင်ငံရေးကလိမ်ကျမှုကြောင့် သက်ဆိုးရှည်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ပြည်တွင်းစစ်ကာလရှည်ကြာသည်နှင့်အမျှ ပြည်ထောင်သားအချင်းချင်းကြား အတူယှဉ်တွဲနေထိုင်သည့် နိုင်ငံရေးစိတ်ဆန္ဒကောင်းများကိုပင် မှေးမှိန်ခမ်းခြောက်လုမတတ် တွန်းပို့လျက်ရှိရာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမှုအရ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ကြရမည်ဟုလည်း ထုတ်ပြန်ထားသည်။

မတရားသဖြင့် လက်နက်ကိုင်အနိုင်ကျင့်ခြင်းကို မလွဲမရှောင်သာ ဆန့်ကျင်တွန်းလှန် ကြရမည်ဆိုသော်လည်း တိုက်ခိုက်ရေးအောင်ပွဲများမှသည် ပြည်သူ့နိုင်ငံရေးအောင်ပွဲများအထိ ဆက်လက်သယ်ဆောင်အနားသတ်ပေးနိုင်မှ တည်ငြိမ်အေးချမ်းမှုအစစ်အမှန်ကို ခံစားရမည်ဟုလည်း ဆိုသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် လူမျိုးရေးအရပါ တစ်ဖက်သတ် ဖိနှိပ်ခံလာရသည်နှင့်အမျှ ပြန်လည်လက်တုန့်ပြန်ခွင့်ရချိန်တွင် လူမျိုးရေးအစွန်းရောက် ကန့်သတ်ခွဲခြား ဆက်ဆံခံရမှုများ မလုပ်ဆောင်မိရန်လိုအပ်ပြီး ရည်ရွယ်ရင်းပန်းတိုင်းဖြစ်သော တန်းတူညီမျှသည့် ပြည်ထောင်စုတည်ဆောက်ရေးကို မျက်ခြေမပြတ်ရန် အထူးလိုအပ်သည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့ပြည်တွင်းရေးကိစ္စကို နိုင်ငံကြီးတချို့က စီးပိုးကြိုးကိုင်လျက် လူထုဆန္ဒအပေါ် လျစ်လျူရှုကာ တဖက်သတ် ဆောင်ရွက်ရန် ကြိုးစားနေသည်ကို ဒီမိုကရေစီဘက်တော်သားအချင်းချင်း တစိတ်တဝမ်းတည်းသော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ကျော်လွှားနိုင်မည်ဖြစ်သည်ဟုလည်း ဆိုသည်။

တိုင်းပြည်ပြဿနာကို ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးနည်းလမ်းဖြင့် ဖြေရှင်းမည်ဟု အသံကောင်းဟစ်ပြီး လူထုအုပ်ချုပ်ရေးအစစ်အမှန် ပေါ်ပေါက်ရေးကို လက်တလုံးခြားပြုဆန့်ကျင်ကာ စစ်အာဏာရှင်စနစ် သက်ဆိုးကြာစေရေး ကြိုးပမ်းနေသည်ကို မျက်နှာဖုံးခွာချကြရန်လည်း လိုအပ်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Shan Nationalities League for Democracy