နွေဦးတော်လှန်ရေးတွင် ရှေ့မှမားမားမတ်မတ် ရပ်တည်ရင်ဆိုင်တိုက်ပွဲဝင်နေသည်ကို လေးစားကြောင်း KIO ကို NUG သဝဏ်လွှာပို့

နွေဦးတော်လှန်ရေးတွင် ရှေ့မှမားမားမတ်မတ် ရပ်တည်ရင်ဆိုင်တိုက်ပွဲဝင်နေသည်ကို လေးစားကြောင်း KIO ကို NUG သဝဏ်လွှာပို့

နွေဦးတော်လှန်ရေးတွင် မဟာမိတ်တိုင်းရင်းသား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ ရှေ့မှမားမားမတ်မတ် ရပ်တည်ရင်ဆိုင်တိုက်ပွဲဝင်နေသည်ကို လေးစားတန်ဖိုးထားကြောင်း KIO ထံ အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့သည်။

၂၀၂၄ခုနှစ် ‌အောက်တိုဘာလ (၂၅)ရက်နေ့သည် ကချင်အမျိုးသားများက စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနှင့် ပင်လုံစာချုပ်ကတိကဝတ်အရ ဆုံးရှုံးသွားသော နိုင်ငံရေးအခွင့်အရေးများကို ပြန်လည်ရရှိရေးအတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ကို စတင်ထူထောင်ခဲ့သော (၆၄)နှစ်မြောက်ဖြစ်ပြီး NUG က သဝဏ်လွှာပေးပို့ခြင်းဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)သည် ယခု (၆၄)နှစ် ပြည့်မြောက်သည်အထိ အခက်အခဲပေါင်းများစွာ ကျော်ြဖတ်ပြီး ကချင်လူထုရှေ့တွင် ရပ်တည်နိုင်ခဲ့ရုံသာမက ယခုနွေဦးတော်လှန်ရေးတွင်လည်း မဟာမိတ်တိုင်းရင်းသား ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များနှင့် လက်တွဲကာ ရှေ့မှမားမားမတ်မတ်ရပ်တည် ရင်ဆိုင်တိုက်ပွဲဝင်နေသည်ကိုလည်း လေးစားတန်ဖိုးထားကြောင်း၊ အသက်သွေးချွေး‌ပေးဆပ်သွားသည့် ကချင်ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် ကချင်ပြည်သူလူထု၏ ကျေးဇူးများကို အမြဲတမ်းအမှတ်ရ ကမ္မည်းတင်ထားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကချင်လူထုနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးခရီးတွင် ကြုံတွေ့ရသည့် အခက်အခဲအတားအဆီးများနှင့် ဖိအားများစွာ ရင်ဆိုင်နေရသည်ကို သိရှိနားလည်သည်ဟုလည်း ဆိုသည်။

သို့သော်လည်း နိုင်ငံအနာဂတ်သည် မိမိတို့လက်ထဲတွင် အပြည့်အဝတည်ရှိပြီး စုစည်းညီညွတ်စွာ ပူးပေါင်းထူထောင်ရမည့်ကာလဖြစ်သည်ကို သိရှိနားလည်ပြီးဖြစ်၍ တော်လှန်ရေးသစ္စာ ခိုင်ကြည်မှုဖြင့် နွေဦးတော်လှန်ရေးအစမှ ယခုတိုင် မဟာမိတ်တိုင်းရင်းသားများ၊ တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲလျက် လွတ်လပ်ပြီးငြိမ်းချမ်းသည့် အနာဂတ် နိုင်ငံတော်သစ်ဆီကို မမှိတ်မသုန် ဆက်လက်လက်တွဲခိုင်မာလျက် ကြိုးပမ်းကြရန်လည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

#TachileikNewsAgency

Photo : KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)