လူသတ်မှုကျူးလွန်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား ထောင်ဒဏ် ၁၀ နှစ်ချ 

လူသတ်မှုကျူးလွန်ခဲ့သည့် PDF ဒုတပ်ခွဲမှူးအား ထောင်ဒဏ် ၁၀ နှစ်ချ 

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဟံလင်းတိုက်နယ် သခွတ္တောကျေးရွာမှ အမျိုးသမီးတဦးကို လူသတ်မှုကျူးလွန်ခဲ့သည့် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ခွဲမှူးတစ်ဦးကို ထောင်ဒဏ် (၁၀)နှစ်ချမှတ်လိုက်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တရားခံမှာ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ(၁)-ဒုတပ်ခွဲမှူး ရဲဘော် ပြည့်ထွန်းနိုင် (ခ) လင်းစေဖြစ်ပြီး  ၎င်းအား အကျဉ်းစစ်တရားရုံးချုပ် အမှတ် (၂/၂၀၂၄) ဖွဲ့စည်းစစ်ဆေးမှုအရ ပေါ်ပေါက်သဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ ညနေ(၃)နာရီခွဲခန့်တွင် သမီးရည်းစားချင်း စကားများကြရာမှ ရဲဘော် ပြည့်ထွန်းနိုင်သည် သေနတ်ဖြင့်တချက်တည်း ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုကို စစ်ဆေးကြားနာရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဧပြီလ(၁၉)ရက်နေ့ ရက်စွဲပါ အမိန့်အမှတ် (၁၀၃/၂၀၂၄)ဖြင့် အကျဉ်းစစ်တရားရုံးချုပ်အမှတ် (၂/၂၀၂၄)ကို ဖွဲ့စည်းတာဝန်ပေးခဲ့ကြောင်း သိရသည်။

အကျဉ်းစစ်တရားရုံးချုပ် တရားသူကြီးများအဖွဲ့က စစ်ဆေးကြားနာခဲ့ပြီး အောက်တိုဘာလ(၁၁)ရက်နေ့တွင် တရားခံ ရဲဘော်ပြည့်ထွန်းနိုင် (ခ) လင်းစေ သည် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေပုဒ်မ ၇၁ (က)/ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန်နှင့် စစ်တရားရုံးလုပ်ထုံးလုပ်နည်း အပိုဒ် - ၈၁ အရ အတည်ပြု အမိန့်ချမှတ်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ်ဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်နေပြီး လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်နေကာ တပ်မတော်သားများ ကျူးလွန်သည့် ပြစ်မှုများကိုလည်း မျှတသည့်တရားစီရင်မှုများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency