ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ပြောက်ကျားတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် ၂ ဦး ပြောက်ကျားတိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်း စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ဝင် (၂)ဦးအား ပြောက်ကျားစစ်ဆင်ရေးဖြင့် စောင့်ဆိုင်းတိုက်ခိုက်ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ် ညောင်ကိုင်း ပျူစောထီးရွာမှ တည်သီးတော ပျူစောထီးရွာသို့ ဆိုင်ကယ်တစီးဖြင့် ပြန်လာသည့် စစ်သား (၁) ဦးနှင့် ပျူစောထီး (၁) ဦးတို့အား အောက်တိုဘာလ (၂၂) ရက်နေ့ နံနက် (၇) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တည်သီးတောကျေးရွာ အနောက်ဘက်၌ ကင်းပုန်းဝပ်စောင့်ဆိုင်း၍ ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးတို့ နေရာတွင် သေဆုံးပြီး MA-1 သေနတ်တစ်လက် ၊ ကျည်ဘောက် (၃) ခု နှင့် အီနာဂါ (၄) လုံးတို့ကို သိမ်းဆည်းရမိကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF က ဆိုသည်။

တိုက်ခိုက်မှုဆောင်ရွက်ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေး (PDO) အဖွဲ့မှ ဦးဆောင်၍ တိုက်နယ် (၃) ပကဖ တိုက်ခိုက်ရေးအဖွဲ့ ၊ ကြီးလေးကြီး ပကဖ အဖွဲ့၊ ဓားညီနောင် ပကဖ အဖွဲ့ ၊ တိုက်နယ် (၂) ပကဖ ဗိုလ်ကျားရိုင်းအဖွဲ့နှင့် တိုက်နယ်(၅) ပကဖ ငါးမည်ရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။

#TachileikNewsAgency

Photo: တောင်သူဦးကြီးများအဖွဲ့ PDF