မူဆယ် ဆင်ဖြူဂိတ်မှ တစ်နိုင်တစ်ပိုင်ကုန်သယ်ခွင့် တရုတ်ဘက်ကပိတ်

မူဆယ် ဆင်ဖြူဂိတ်မှ တစ်နိုင်တစ်ပိုင်ကုန်သယ်ခွင့် တရုတ်ဘက်ကပိတ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်မှတစ်ဆင့် တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့မှစတင်ကာ ပိတ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

“တိုက်ပွဲဖြစ်တော့ ဂိတ်တွေပိတ်လိုက်ချိန်မှာလည်း ဒေသခံတွေက အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ တိုက်ပွဲဖြစ်ပြီးနောက် ဂိတ်ပြန်ဖွင့်တော့ တနိုင်တပိုင်ကုန်သယ်ကြတာပေါ့။ တစ်နေ့ကို လူ(၂၀၀၀)ကျော်လောက်ကို အဝင်အထွက်ရှိနေတာ။ အရင်ကတော့ ဆိုင်ကယ်နဲ့ဆိုရင် အလျား (၃)ပေ၊ အနံ(၃)ပေလောက်ကို ခွင့်ပြုပေးခဲ့တာ တရုတ်ဘက်က။ မြန်မာဘက်က တကယ်တော့ အဲဒီပစ္စည်းတွေကို ပိတ်ထားတာ။ နားလည်မှုနဲ့ ငွေပေးပြီးတော့ သယ်ကြတာပေါ့။ အခုတော့ နှစ်ဘက်လုံးက ပိတ်လိုက်တာဆိုတော့ အလုပ်အကိုင်တွေ ခက်ခဲကုန်တယ်။”ဟု ဒေသခံ ကုန်သည်တစ်ဦးက Tachileik News Agency ကိုပြောသည်။

 

မြန်မာ-တရုတ်နယ်စပ် ဆင်ဖြူဂိတ်မှတဆင့် မြန်မာနိုင်ငံအတွင်းသို့ အီလက်ထရောနစ်ပစ္စည်းများ၊ အိမ်သုံးကုန် နှင့် လူသုံးကုန်များ၊ ဆေးဝါးများ စက်ကိရိယာနှင့် စက်ယန္တရားများကို တင်သွင်းမှုများလုံးကို တရုတ်ဘက်က အောက်တိုဘာလ (၂၂)ရက်နေ့က စတင်ကာ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီကုန်ပစ္စည်းတွေကို အရင်ကတည်းက မြန်မာဘက်ကခြမ်းက ပိတ်ထားတာ။ ဒေသခံတွေက နားလည်မှုနဲ့ သယ်တာ။ ရဲတို့၊ လဝကတို့ကို ငွေပေးသယ်တာတွေရှိတယ်။ အခုကျတော့ စစ်ကောင်စီဘက်က တောင်းဆိုလို့ ထင်တယ် တရုတ်ဘက်ကပိတ်တာ။”ဟု ဒေသခံ ကုန်သည်တစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါ တားမြစ်ပစ္စည်းများကို သယ်ယူပါက ပြည်ဝင်၊ ထွက်ခွင့် စာအုပ်သိမ်းခြင်း၊ ပြည်ဝင်ခွင့် (၄)နှစ်ပိတ်ခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကာ မည်သည့်အချိန်ထိ ပိတ်မည်ကိုမူ မသိရဟုလည်း ကုန်သည်များက ဆိုသည်။

လက်ရှိတွင် တရုတ်နိုင်ငံဘက်က အဖွဲ့ပေါင်းစုံဖြင့် တင်းကြပ်စွာ စစ်ဆေးနေပြီး အဆိုပါကုန်ပစ္စည်းများကို သယ်ဆောင်လာပါက ကုန်ပစ္စည်းများကို ဆွဲချထားကြောင်း သိရသည်။

“မနေ့တုန်းကဘဲ စပြီးကြပ်နေတယ်။ အရင်တုန်းက တရုတ်ဘက်က စစ်တာဘာညာမရှိဘူး။ မူးယစ်ဆေးလောက်ပဲစစ်တာ။ အဓိက စစ်ကောင်စီဘက်က ပြည်မဘက်ကို ကုန်အဝင်ကန့်သတ်ချင်လို့ ပိတ်ခိုင်းတဲ့သဘောပဲ။ မူဆယ်ထဲမှာတော့ အဲဒီကုန်တွေအကုန်ရှိတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ ကုန်ပစ္စည်းများကို သယ်ယူခွင့်ပိတ်ပင်လိုက်ခြင်းကြောင့် ပြည်တွင်းတွင် အဆိုပါကုန်ပစ္စည်းများ ရှားပါးလာကာ ဈေးတက်ခြင်း၊ ဝယ်ယူရခက်ခဲခြင်းများနှင့် ရင်ဆိုင်လာရနိုင်သည်ဟုလည်း ဒေသခံကုန်သည်များက မှတ်ချက်ပြုသည်။

#TachileikNewsAgency