စစ်တပ်မှ နိုင်ငံတစ်ဝန်းတွင် လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်နေပြီး နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှုကို လိုလားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆို

စစ်တပ်မှ နိုင်ငံတစ်ဝန်းတွင် လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်နေပြီး နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှုကို လိုလားကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆို
အောက်တိုဘာ 22, 2024 | နိုင်ငံရေးသတင်းများ

စစ်တပ်မှ နိုင်ငံတစ်ဝန်းတွင် လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်နေပြီး နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှုကို လိုလားကြောင်း နယူးယောက်မြို့တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၁)ရက်နေ့က ပြုလုပ်သည့် (၇၉)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က လွန်ခဲ့သည့် (၄)နှစ်နီးပါးခန့်၌ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှအစပြု၍ မြန်မာပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများကို ကြီးလေးစွာ ချိုးဖောက်လျက်ရှိသည့်အပေါ်  နိုင်ငံတကာက ရင်းနှီးကျွမ်းဝင်စွာ သိရှိပြီးဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်တပ်အနေဖြင့် မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့် လုပ်ဆောင်လျက်ရှိပြီး ၊ ရက်စက်စွာ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်းခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းတို့မှာ စစ်တပ်မှ နိုင်ငံတစ်ဝန်းတွင် နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသော လူမဆန်သည့် ရက်စက်ကြမ်းကြုတ်မှုများအနက် အချို့မျှသာဖြစ်ကြောင်း အသိပေး ပြောဆိုသည်။

စစ်တပ်အနေဖြင့် သံသယရှိသူများအား စစ်ဆေးမေးမြန်းရန်၊ အကျဉ်းထောင်များတွင် ပြုလုပ်လျက်ရှိသော ရက်စက်သည့် ပြစ်မှုများအား ဖုံးကွယ်ရန်၊ ပြည်သူလူထုအပေါ် ၌ အကြောက်တရား သွတ်သွင်းရန်နှင့် စစ်အာဏာရှင်အား ဆန့်ကျင်နေသည့် ပြည်သူ့ ခုခံတော်လှန်ရေးအား ဟန့်တားရန် အတင်းအကျပ် ပျောက်ကွယ်စေမှုကို နည်းလမ်းတစ်ခုအဖြစ် အသုံးချလျက်ရှိသည်ဟုလည်း ဆိုသည်။

ဖြစ်စဉ်အများစုတွင် ကျေးလက်နေပြည်သူများအား အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်သည် သို့မဟုတ် တော်လှန်ရေး အင်အားစုများနှင့် ဆက်နွယ်နေသည် ဟူ၍ စွပ်စွဲကာ အတင်းအကြပ် ပျောက်ကွယ်စေလျက်ရှိသည်ဟုလည်း ဆိုသည်။

အသက်ကြီးငယ်မရွေး အမျိုးသားများအနေဖြင့် စစ်တပ်မှ ထိုသို့ မတရား ဖမ်းဆီးမှုများ လုပ်ဆောင်သည့် အဓိက ပစ်မှတ်များ ဖြစ်လျက်ရှိပြီး ၎င်းတို့ ရောက်ရှိနေသည့် နေရာကိုပင် မသိရှိရကြောင်း၊ အလွန်အမင်း ဆို့နင့်ဖွယ်ဖြစ်စဉ်များတွင် အတင်းအကြပ် ပျောက်ကွယ်စေသူနှင့် ဆက်စပ်သော သတင်းအချက်အလက်များကို ထိုသူသေဆုံးပြီးမှသာလျှင် သိရှိရကြောင်း သံအမတ်ကြီးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ လက်တုံ့ပြန်ခြင်းကို ကြောက်ရွံ့ခြင်းနှင့် တာဝန်ခံမှု ယန္တရာများ မရှိခြင်း စသည်တို့ကြောင့် လုံလောက်သည့် သတင်းထုတ်ပြန်နိုင်မှုပင် မရှိကြောင်း၊ တစ်ချိန်တည်းမှာပင် ခံစားရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များမှ ကြုံတွေ့ ခံစားရသော စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုကိုလည်း လစ်လျူရှုထား၍ မရကြောင်း အသိပေး ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားက နိုင်ငံတစ်ဝှမ်းတွင် စစ်တပ်မှ ကျူးလွန်သည့် စစ်ရာဇဝတ်များနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှာ စိုးရိမ်ဖွယ်အဆင့်အထိ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ လုံလောက်သည့် သက်သေအထောက်အထားများရှိသည်ဟု ထုတ်ဖော်ပြောကြားထားကြောင်း သံအမတ်ကြီးက ဆိုသည်။

စစ်တပ်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝ ခံစားကာ အရပ်သား ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ လုပ်ဆောင်နေသည့် နှုန်းထားကို အခြေခံလျက် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ ခိုင်လုံသော သုံးသပ်ချက်ကို အတိအလင်း ထောက်ခံသည်ဟုလည်း ဆိုသည်။

အတင်းအကြပ်ပျောက်ကွယ်စေမှုသည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်ခွင့်များအား လေးစားရန် ကတိကဝတ် ပြုထားသည့် အသိုက်အဝန်း အားလုံး၏ လေးနက်တည်ကြည်သော စံတန်ဖိုးများကို ထိခိုက်လျော့ပါးစေ၍ အဆိုပါ လုပ်ရပ်များအား ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု၏ သဘောသဘာဝပင်ဖြစ်သည်ဟူသော ရပ်တည်ချက်ကို တစ်စိုက်မတ်မတ် ရပ်တည်ပါကြောင်း အသိပေး ပြောဆိုသည်။

သို့ရာတွင် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို လုံးဝ ဥဿုံ ဖျက်ဆီးထားကြောင်းနှင့် ၊ စစ်ကောင်စီ နှင့် စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခ၏ အရင်းခံဇစ်မြစ် ဖြစ်သည်မှာ လွန်စွာထင်ရှားကြောင်း သံအမတ်ကြီးက ဆိုသည်။

ဤအကြောင်းတရားအပေါ်အခြေခံလျက် မိမိတို့အနေဖြင့် နိုင်ငံတကာမှ ကြားဝင်ဆောင်ရွက်ပေးမှုကို လိုလားပါကြောင်းနှင့် မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော အတင်းအကြပ် ပျောက်ကွယ်စေမှုအား ချုပ်ငြိမ်းနိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မည်သို့သော ထိရောက်သည့် လုပ်ဆောင်ချက်များနှင့် ယန္တရားများကို အသုံးပြုသင့်သည်ကို မေးမြန်းလိုကြောင်း သံအမတ်ကြီးက နိုင်ငံတကာအား တိုက်တွန်းပြောဆိုခဲ့သည်။

#TachileikNewsAgency

Photo: Permanent Mission of Myanmar to the United Nations