မန္တလေးမြို့ရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို ကန့်ကွက်ရှုံချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ကြောင်း NUG ကြေညာ

မန္တလေးမြို့ရှိ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို ကန့်ကွက်ရှုံချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ကြောင်း NUG ကြေညာ
အောက်တိုဘာ 20, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကို ကန့်ကွက်ရှုံချပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ဆန့်ကျင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၉) ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

မန္တလေးမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးအား ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁၈)ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိုကဲ့သို့သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးပျက်ပြားစေမည့် အကြမ်းဖက်လုပ်ရပ်များ၊ အကာအကွယ်ပေးရမည့် သံတမန်ဆိုင်ရာအဆောက်အအုံအား တိုက်ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း ကြေညာသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အထူးပင်စိုးရိမ်မိပြီး ၊ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဉ်တစိုက် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရသည် ၂၀၂၁ ခုနှစ် ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများအပေါ် သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် စပ်လျဉ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားပြီးဖြစ်ကာ ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုသည် အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည်ရေး၊ ကောင်းမွန်သောဆက်ဆံရေး၊ ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဉ်တစိုက်ဦးတည်သွားမည်ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံများ၏ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက်ရှုံ့ချကြောင်း အသိပေးထားသည်။

#TachileikNewsAgency

Photo: National Unity Government of Myanmar