လားရှိုးမြို့ရှိ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

လားရှိုးမြို့ရှိ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ နောင်မွန်ကျေးရွာအုပ်စုရှိ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ရာ ဓာတ်အားပေးအဆောက်အဦး ပျက်စီးသွားကြောင်း MNDAA ထံမှ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် နမ့်မျော်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို တိုက်လေယာဉ်ဖြင့် ဗုံး(၄)လုံး ကြဲချတိုက်ခိုက်ရာ လျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့် အဆောက်အဦအများအပြား ပျက်စီးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လားရှိုးမြို့နှင့် သိန္နီမြို့ရှိ လူနေရပ်ကွက်များအပြင် စာသင်ကျောင်းများ၊ ဈေး နှင့် အခြားအများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားသေဆုံးမှု အများအပြားရှိခဲ့သည်။ 

အောက်တိုဘာလ (၁၄)ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် လားရှိုးမြို့ ရပ်ကွက်(၁)ရှိ နားမခေါ် ဓာတ်အားပေးစက်ရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဓာတ်အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ်များလည်း ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: 果敢资讯网