ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာမြို့နယ် နမ့်အွမ်အုပ်စု ပန်ခါးကျေးရွာတွင် အမျိုးသား(၂)ဦး (၆၀)မမ ဗုံးသီး တစ်လုံးအား ယူလာပြီး ဖြုတ်ရာက ပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ဦးလုံးသေဆုံးသွားကြောင်း TNLA ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်နေ့က တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် (၆၀)မမ ဗုံးသီးတစ်လုံးအတွင်းရှိ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းရာက ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသူများမှာ ပန်ခါးကျေးရွာတွင် နေထိုင်သည့် ခွန်ဂျာချောင် အသက် (၂၇)နှစ်နှင့် ခိုမုန်းကျေးရွာတွင် နေထိုင်သည့် ဦးညီထွမ်း အသက် (၆၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့ကလည်း နမ့်ဖတ်ကာတွင် အမျိုးသားတစ်ဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံးကို ယူဆော့မိရာက ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးသွားခဲ့သေးသည်။
ထို့အပြင် မေလ(၁၃)ရက်နေ့လည်း မပေါက်ကွဲသေးသည့်မိုင်းကို ကလေးများ ယူဆော့ရာမှ ပေါက်ကွဲ၍ တစ်ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရရှိခဲ့သည်။
စစ်အတွင်းကျန်ရှိနေသည့် စစ်လက်နက်ပစ္စည်းများကို ကိုင်ဆောင် ဆော့ကစားခြင်းမပြုရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာတပ်ဖွဲ့များထံ အကြောင်းကြားရန် တော်လှန်ရေးတပ်များက သတိပေးထုတ်ပြန်မှုများရှိသည်။
#TachileikNewsAgency
Photo : PSLF/TNLA News