မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည် လုပ်ကိုင်သူ ထိုင်း(၁၉)ဦး အပါအဝင် (၂၀)ဦးကို ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း သိရသည်။
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့(ပြင်)၊ (၈)လမ်းရှိ စိုင်းနွန်ရှဲန်ပီ၏ နေအိမ်အား ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၅)ရက်နေ့၏ နေ့လည်ပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် စစ်ဆေးရာမှ အွန်လိုင်းလောင်းကစားနှင့် အွန်လိုင်းငွေကြေးလိမ်လည် လုပ်ကိုင်သူ ထိုင်းနိုင်ငံသား ထိုင်းနိုင်ငံသူများဖြစ်သည့် Mr. Tinkrit Sangkhapan အပါအဝင် အမျိုးသား (၈)ဦး နှင့် Ms. Nicharee Chantram အပါအဝင် အမျိုးသမီး (၁၁)ဦး အပြင် မြန်မာနိုင်ငံသား ပြည့်စုံအောင်(ခ)စိုင်းတစ်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် ထိုင်းများကို ကနဦး စစ်ဆေးချက်များအရ ၎င်းတို့သည် တာချီလိတ်သို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကနေ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တရားဝင် ဝင်ရောက်လာသူများဖြစ်ပြီး တစ်လလျှင် လုပ်အားခ ထိုင်းဘတ်ငွေ (၁၂,၀၀၀)ရမည်ဖြစ်သည့်အတွက် လာရောက် လုပ်ကိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ၎င်းတို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း နှင့် ထိုင်းနိုင်ငံသားများမှာ အသက်အရွယ်အားဖြင့် အသက်(၂၀)မှ အသက်(၃၉)နှစ်အထိ အရွယ်များဖြစ်ပြီး ၎င်းတို့ထဲတွင် ထိုင်းနိုင်ငံ၌ ကျပန်းလုပ်ငန်းကိုင်သူ များပြားကြောင်း သိရသည်။
အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းငွေကြေးလိမ်လည်လုပ်ငန်းများသည် ထိုင်းနိုင်ငံအတွင်း ထိုင်းရဲတပ်ဖွဲ့က အမြစ်ပြတ်ချေမှုန်းရေး စီမံချက်ဖြင့် ဖမ်းဆီးနေသည့်အတွက် ထိုင်းအင်တာနက်ကို အသုံးပြုပြီး လုပ်ကိုင်နိုင်သလို နယ်မြေခံ စစ်တပ်နှင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့နှင့်ပြည်သူ့စစ်များကို လစဉ် ငွေကြေးပေးပါက စိတ်တိုင်းကျ လုပ်ကိုင်နိုင်သည့် မြန်မာ - ထိုင်းနယ်စပ် မြန်မာဘက် တာချီလိတ်သို့ လာရောက် လုပ်ကိုင်လာကြရခြင်း ဖြစ်ကြောင်း သိရသည်။