ပင်လယ်ဓားပြအတိုက်ခံရပြီး စွန့်ပစ်ထားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးအား အာရက္ခ ကမ်းခြေစောင့်တပ်မှ ကယ်တင်ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်
ပင်လယ်ဓားပြအတိုက်ခံရပြီး ဘင်္ဂလားပင်လယ်အော်တစ်နေရာ၌ စွန့်ပစ်ထားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၁၆)ဦးအား အာရက္ခကမ်းခြေစောင့်တပ်မှ ကယ်တင်ပြီး သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ကြောင်း အာရက္ခတပ်တော်မှ ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့ နံနက်အစောပိုင်းတွင် သတင်းထုတ်ပြန်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘာဇာခရိုင်မှ ရေလုပ်သား စုစုပေါင်း (၁၆)ဦး ပါဝင်သော မော်တော်ဘုတ်တစ်စီးသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၉)နာရီအချိန်ခန့်တွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ငါးရှာရန် ထွက်လာခဲ့ကြကြောင်း သိရသည်။
နှစ်ပတ်ခန့်ကြာမြင့်မည့် ငါးဖမ်းလုပ်ငန်းကို ဟာမာအူလာစ်မှ ဦးဆောင်လာခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့်အကြာ အောက်တိုဘာလ (၄)ရက်နေ့၊ ညနေ (၆)နာရီခန့်တွင် အမည်မသိလက်နက်ကိုင် ဘင်္ဂလီ (၆၀)ဦးခန့်ပါဝင်သည့် ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့၏ ဓားပြတိုက်ခြင်းကို ခံခဲ့ရပြီး ၎င်းတို့၏ မော်တော်ဘုတ်ထက်၌ပင် ဖမ်းဆီးလှောင်ပိတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။
ပင်လယ်ဓားပြအဖွဲ့သည် မော်တော်ဘုတ် (၃)စီးဖြင့် ဓားပြတိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ အမည်မသိ လက်နက်ကိုင် ပင်လယ်ဓားပြအဖွဲ့သည် ဟာမာအူလာစ်တို့၏ ဘုတ်အား ၎င်းတို့၏ မော်တော်ဘုတ် (၃)စီးဖြင့် ဝိုင်းရံပြီး လက်နက်များဖြင့် ပစ်ခတ်သတ်ဖြတ်ရန် ခြိမ်းခြောက်ထားခဲ့ကြောင်း သိရသည်။
ထို့နောက် ဟာမာအူလာစ်တို့ ဘုတ်တွင်ပါရှိသော ရေလုပ်သားငါးဖမ်းသမားများအား သေနတ်ဒင်၊ ဒုတ်များဖြင့် ရိုက်နှက်ပြီး ဘုတ်တွင်ပါလာသမျှသော ပိုက်ဆံ၊ ဖုန်း၊ ရေနံဆီ၊ စားသောက်ကုန်၊ ရိက္ခာ၊ ဆန်၊ ဆီ၊ ဆား၊ ပိုက်ကွန်များအားလုံးကို ယူဆောင်သွားသည့်အပြင် ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမားများအားလုံးကို မော်တော်ဘုတ်၏ ဝမ်းဗိုက်အတွင်း မည်သည့်အစားအစာ၊ ရေမျှ မတိုက်ကျွေးဘဲ နှစ်ရက်ခန့် ပိတ်လှောင်ထားခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ နံနက် (၄)နာရီခန့်တွင် ပင်လယ်ဓားပြ များမှ အာရက္ခဒေသ၊ မောင်တောမြို့၊ ကျောက်ပန္ဒူကမ်းခြေအနီး၌ ကမ်းတင်ရန်စီစဉ်ထားခဲ့စဉ် အာရက္ခ ကမ်းခြေစောင့်တပ်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၆) နာရီခွဲခန့်တွင်တွေ့ရှိ၍ အဆိုပါ ကမ်းတင်ဘုတ်တွင်ပါလာသော ဟာမာအူလာစ်နှင့် ရေလုပ်သားငါးဖမ်းသမား (၁၆) ယောက်စလုံးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
အာရက္ခ ကမ်းခြေစောင့်တပ်မှ ကယ်တင်ထားစဉ်တွင်လည်း ပင်လယ်ဓားပြများ၏ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရလာသူများကို ဆေးကုသမှုပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ပေးထားခဲ့ကြောင်း သိရသည်။
ထို့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်ခြားစောင့်တပ်ဖွဲ့ နှင့် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ ဆက်သွယ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်၊ ညနေ (၆) နာရီ (၁၅) မိနစ်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Shaporir ဆိပ်ကမ်း၌ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့များထံသို့ ကောင်းမွန်စွာပြန်လည်အပ်နှံပေးအပ်ခဲ့ကြောင်း အာရက္ခတပ်တော်မှ အသိပေးထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး အာရက္ခရေပိုင်နက် (နတ်မြစ်) အတွင်းသို့ ဝင်ရောက် ငါးဖမ်းခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ရေလုပ်သား (၅)ဦးတို့အား အာရက္ခ ကမ်းခြေစောင့်တပ်မှ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုံခြုံရေးအရ ခေါ်ယူစစ်ဆေးမေးမြန်းပြီး အောက်တိုဘာလ (၉)ရက်နေ့တွင် ခံဝန်ကတိလက်မှတ်ရေးထိုး၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Video: AA Info Desk