မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီ၏ သံပြားကာ ကား (၃) စီးအား တော်လှန်ရေးအင်အားစုများ မိုင်းဆွဲတိုက်ခိုက်

မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီ၏ သံပြားကာ ကား (၃) စီးအား တော်လှန်ရေးအင်အားစုများ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီ၏ သံပြားကာ ကား (၃)စီးအား လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့မှထွက်လာသည့် စစ်ကောင်စီ၏ သံပြားကာ ကား (၃)စီးအား အောက်တိုဘာလ (၁၁) ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက မြင်းမူမြို့နယ်အပိုင် အလက္ကပရွာ အနောက်ဘက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် သံပြားကာ ကားတစီး ပျက်စီးပြီး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရသူ များနိုင်ကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် တော်လှန်ရေးအင်အားစုများ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ချောင်းမြို့နယ် ခြေစိုက် BLDF တပ်ခွဲ အညာမိုင်း၊ စစ်ကိုင်း ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၂) Zamani တပ်ဖွဲ့ ၊ PENTAGRAM အဖွဲ့ ၊ ဒေါင်းဘုရင်တပ်ဖွဲ့နှင့် ဗိုလ်သံခဲ  အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၁၀) ရက်နေ့ကလည်း စစ်ကိုင်းတိုင်း တပ်မ (၃၃) မှ မုံရွာ (နမခ) သို့ ဆင်းလာသည့် စစ်ကောင်စီသံချပ်ကာ ကား (၄) စီးအား မုံရွာ-ချောင်းဦး လမ်းပိုင်းတနေရာတွင် တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး သံချပ်ကားကားတစီး ထိုးရပ်ခဲ့ကာ မုံရွာ နမခမှ စစ်ကူထွက်လာသည့် သံချပ်ကာကား (၂) စီးဖြင့် လာရောက်ဆွဲယူသွားခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: BLDF တပ်ခွဲ အညာမိုင်း တပ်ဖွဲ့ဝင်များ (ပုံဟောင်း)