ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ မှ ပျောက်ဆုံးနေသည့် ဒေသခံ(၂)ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း အာရက္ခတပ်တော်(AA)က ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်သည်။
အောက်တိုဘာလ (၇)ရက်နေ့က အိမ်ဆောက်လုပ်ရန်အတွက် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာသို့ ဝါးခုတ်ရန်ထွက်သွားသော ဘူးသီးတောင်မြို့ အမှတ် (၂) ရပ်ကွက် ရွာသစ်နေ ဦးစံရွှေမောင် (၆၇)နှစ်နှင့် ဦးမောင်မြအောင် အသက် (၆၅)နှစ်တို့ (၂)ဦး၏ ရုပ်အလောင်းအား ဂုံးနား(မူဆလင်)ရွာရှိ ဖာရုပ် ၏ နေအိမ်ခြံဝင်းအတွင်း၌ ARSA အကြမ်းဖက်အဖွဲ့က ဦးခေါင်းကိုဖြတ်၍ မြေမြှုပ်ထားသည်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါရုပ်အလောင်းနှစ်လောင်းအား AA ၏ အာရက္ခပြည်သူ့ လုံခြုံရေးတပ်ဖွဲဝင်များ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် မှုခင်းဆိုင်ရာဆေးဘက်ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်တူးဖော်ပြီး လိုအပ်သော စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူ (၂)ဦး၏ မိသားစုဝင်များကို အကြောင်းကြားပြီး အလောင်းတွေ့ရှိခဲ့သောနေရာအနီး၌ပင် ကောင်းမွန်စွာ ပြန်လည်မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။
ဒေသခံ(၂)ဦးအားသတ်ဖြတ်သွားသည့် ARSA အကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို လိုက်လံရှာဖွေနေသည်ဟုလည်း AA က ထုတ်ပြန်ထားသည်။
#TachileikNewsAgency