ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များသည် သွားလာခွင့် ကန့်သတ်ခံရခြင်း ၊ ရံပုံငွေနည်းပါးခြင်းစသည့် စိန်ခေါ်မှုများရင်ဆိုင်နေရကြောင်း OCHA ထုတ်ပြန်

ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များသည် သွားလာခွင့် ကန့်သတ်ခံရခြင်း ၊ ရံပုံငွေနည်းပါးခြင်းစသည့် စိန်ခေါ်မှုများရင်ဆိုင်နေရကြောင်း OCHA ထုတ်ပြန်

မြန်မာပြည်အတွင်း ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များသည် သွားလာခွင့် ကန့်သတ်ခံရခြင်း ၊ ရံပုံငွေနည်းပါးခြင်း စသည့် စိန်ခေါ်မှုများရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနိူင်းရေးရုံး (OCHA) အဖွဲ့မှ ၂၀၂၄ခုနှစ် ယနေ့ အောက်တိုဘာလ (၁၀) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အရပ်သားများသည် ကျယ်ပြန့်လာသည့်ပဋိပက္ခနှင့် ထိခိုက်သေကျေမှုရှိခဲ့သော ရေဘေးသင့်ခြင်းများအပါအဝင် များပြားလာသည့်အန္တရာယ်ကို ကြုံတွေနေရပြီး၊ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ ခန့်မှန်းခြေ (၃)သန်းကျော်ရှိကြောင်း သိရသည်။

စက်တင်ဘာလ (၉) ရက်နေ့မှစ၍ ယာဂိမုန်တိုင်းအဖျားခတ်ခြင်းနှင့် မုတ်သုံမိုးကြီးခြင်းများကြောင့် နိုင်ငံ၏ မြို့နယ်ပေါင်း (၃၃၀) အနက်မှ မြို့နယ် (၇၀)ရှိ ပဋိပက္ခဒဏ်ကြောင့် နေရပ်စွန့်ခွာနေကြရသူအများအပြား အပါအဝင် ခန့်မှန်းခြေ လူဦးရေ (၁)သန်းခန့် ရေဘေးသင့်ခဲ့ရကြောင်း OCHA က အသိပေးထားသည်။

အထူးသဖြင့် နိုင်ငံ၏အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် အများဆုံး ရေဘေးသင့်ခဲ့ပြီး၊ လယ်ယာများ၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ရေနစ်မြုပ်ခဲ့ကာ ချည့်နဲ့လျက်ရှိကြသည့် ရပ်ရွာအသိုက်အဝန်းများ၏ အသက်မွေးဝမ်းကျောင်းများ အကြီးအကျယ်ထိခိုက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နိုင်ငံ၏အနောက်မြောက်၊ အရှေ့မြောက်၊ အရှေ့တောင်ပိုင်းများနှင့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခ ရပ်စဲခြင်းမရှိခြင်းကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခြင်းများ၊ အရပ်သားထိခိုက်သေဆုံးခြင်းများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကာ အရပ်သားကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်ရာများလည်း မြင့်မားနေဆဲဖြစ်ကြောင်း သိရသည်။

ရေဘေးနှင့် ပဋိပက္ခဒဏ်ခံရသူများအား တုံ့ပြန်အကူအညီပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အစည်းများသည် လမ်းပန်းဆက်သွယ်ရေးမကောင်းခြင်း၊ အဖွဲ့အစည်းအမျိုးမျိုး၏ သွားလာခွင့်တားဆီးကန့်သတ်ခံရခြင်း၊ ဘေးကင်းလုံခြုံမှုမရှိခြင်းနှင့် ရန်ပုံငွေနည်းပါးခြင်းများအပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြောင်း သိရသည်။

ရေဘေးတုံ့ပြန်ကူညီရေးကိုအားကောင်းစေရန် ကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးဗဟိုရန်ပုံငွေက အမေရိကန်ဒေါ်လာ (၄)သန်း ခွင့်ပြုပေးထားပြီး၊ နိုင်ငံတကာအလှူရှင်များကလည်း ဒေါ်လာ (၃)သန်းကျော် ထပ်မံထည့်ဝင်သွားမည်ဟု ကတိပြုထားကြကြောင်း OCHA က ဆိုသည်။

ဆယ်လပိုင်းအတွင်းဝင်ရောက်လာပြီဖြစ်သည့် မြန်မာနိုင်ငံ၏ ၂၀၂၄ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးလုပ်ငန်းစီမံချက်သည် လိုအပ်သည့်ရန်ပုံငွေ၏ ၂၈ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရရှိထားပြီး ၊ လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအတွက် ကျယ်ပြန့်လာသည့် လိုအပ်ချက်များကို အလုံးအရင်းဖြင့် အကူအညီပေးတုံ့ပြန်နိုင်ရန် ထပ်ဆောင်းရန်ပုံငွေများ အရေးပေါ် လိုအပ်နေကြောင်းကိုလည်း OCHA က အသိပေးထားသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)