နမ့်စန်မြို့ တစ်လကျော်ကြာ ရေကြီးနေဆဲဖြစ်ပြီး အလှူရှင်များမရှိသလို မြို့နယ်အုပ်ချုပ်ရေးပိုင်းကလည်း မကူညီ

နမ့်စန်မြို့ တစ်လကျော်ကြာ ရေကြီးနေဆဲဖြစ်ပြီး အလှူရှင်များမရှိသလို မြို့နယ်အုပ်ချုပ်ရေးပိုင်းကလည်း မကူညီ

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် တစ်လကျော်ကြာ ရေကြီးနေဆဲဖြစ်ပြီး စစ်ကောင်စီ၏ မြို့နယ်အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်ကူညီပေးခြင်းမရှိသည့်အပြင် ပြင်ပအကူအညီများလည်း ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့အထိ ရောက်မလာကြောင်း ဒေသခံများထံမှ သိရသည်။

နမ့်စန်မြို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့ကတည်းက ရေကြီးနေခြင်းဖြစ်ပြီး အောက်တိုဘာလ (၃)ရက်နေ့တွင် ရေပြန်တက်လာကာ ယနေ့တွင် ရေအနည်းငယ်ပြန်ကျနေသော်လည်း မြို့နယ်အုပ်ချုပ်ရေးပိုင်းကလည်း လာရောက်ကူညီပေးခြင်းမရှိသဖြင့် ဒေသခံထောင်ချီပြီး စားသောက်ရေးခက်ခဲနေ၍ ချက်စားစရာဆန်ပင် မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

“ရေကတော့ ဖြည်းဖြည်းချင်းပြန်ကျနေပြီဆိုတော့လေ စားရေးသောက်ရေးလည်း ခက်ခဲနေကြပြီပေါ့နော်။ တစ်လလောက် ရေဘေးကြုံတွေ့လိုက်ရတာဖြစ်တဲ့အတွက်လေ။ မြို့ရဲ့အဆင်ပြေတဲ့မိသားစုက လာလှူထားတာနည်းနည်းလောက်ပဲရှိတယ်။ တချို့ဆို ချက်ဖို့ဆန်တောင်မရှိတော့တဲ့ အခြေအနေဖြစ်နေတယ်။ အဲဒါမျိုးကိုလည်း မြို့ အုပ်ချုပ်ရေးဘက်က စီစဉ်ပြီးလုပ်ဆောင်ပေးနေတာမျိုး မတွေ့ရဘူး။ လာကူတဲ့အဖွဲ့အစည်းလည်းမရှိဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နန့်လတ်လူမှုကူညီရေးအဖွဲ့က နမ့်စန်မြို့ကို လာရောက်ကူညီလှူဒါန်းပေးခြင်းသာရှိပြီး ရပ်ကွက်(၁)တွင် အိမ်ခြေ(၁၀၀၀)ရေမြုပ်ကာ လူ(၅၀၀)ဝန်းကျင် ရေဘေးသင့်ပြီး (၃၀၀)ဦးဝန်းကျင်မှာ ဗုဒ္ဓရာဇာဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်ဟု သိရသည်။

ထို့အပြင် ရပ်ကွက်(၃)မှာ အိမ်ခြေ (၈၅)အိမ် ရေမြုပ်ပြီး နေအိမ်(၅)လုံးပြိုကာ ရပ်ကွက်(၄)ရှိ ချောင်းနှင့်နီးသည့် အိမ်ခြေ(၃၀)ရေမြုပ်ပြီး အုတ်တံတိုင်းပြိုကျခြင်း၊ ထွန်စက်များ ရေစီးနှင့် မျောပါခြင်းနှင့် အိမ်တွင်းပစ္စည်းများ ပျက်စီးခြင်းများရှိသည်ဟု သိရသည်။

“ရပ်ကွက်(၁)က လူ(၃၀၀)လောက်က ဘုန်းကြီးကျောင်းမှာရှိကြတယ်။ လက်လုပ်လက်စားတွေ ဆင်းရဲသားတွေပေါ့နော်။ များသောအားဖြင့် ဗမာလူမျိုးတွေများတယ်။ ဘုန်းကြီးကျောင်းက လောလောဆယ် ဆန်ထုတ်ပေးထားတယ်။ မြို့နယ်ကနေ သေချာစာရင်းဇယားနဲ့ စည်းစနစ်ကျကျနဲ့ ပျက်စီးအိမ်ထောင်စုတွေ ကောက်ယူထားတာမရှိဘူး။ အဲဒါကြောင့် အိမ်ထောင်စု ဘယ်နှစ်စုထိသွားလဲဆိုတာ မသိရဘူး။ ပျဉ်းမျှလူဦးရေ(၁၀၀၀) လောက် ရေဘေးသင့်တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

နမ့်စန်ဘက်သို့ ပြည်မဘက်မှ လာရောက်လှူဒါန်းလိုပါက ကလောမြို့တွင် နုန်းရှင်းလင်းရေးလုပ်ကိုင်ပေးနေသည့် နမ့်စန်မြို့ဒေသခံ နန့်လတ်လူမှုကူညီရေးအသင်းနှင့် ချိတ်ဆက်ကူညီနိုင်ပြီး လက်ရှိတွင် တောင်ကြီးမှသွားမည်ဆိုပါက ကျောက်တန်းလမ်း၊ လမ်းဟောင်းဖြစ်သည့် မိုင်ပွန်လမ်းတို့မှတဆင့် သွားနိုင်သည်ဟု သိရသည်။

သို့သော်လည်း မိုင်းပွန်လမ်းဟောင်းမှာ တောင်ပြိုကျထားသဖြင့် ခေါင်းနွဲ့တောင်အနီးရှိ နေရာတချို့တွင် ကားတစ်စီးစာသာ သွားလာနိုင်ခြင်းကြောင့် ယာဉ်များပိတ်မိနေကာ အတက်ကားနှင့် အဆင်းကားများအား စောင့်ဆိုင်းသွားလာနေရသည်ဟု သိရသည်။

“နမ့်စန်က ရေတော့နည်းနည်းစကျနေပြီပေါ့။ ပြည်မက အလှူရှင်တွေ၊ ကူညီရေးအဖွဲ့တွေ လုံးဝမရှိဘူး။ ဒါပေမယ့် ရေမြုပ်တဲ့ရပ်ကွက်တွေကနေ ဝိုင်းကူကြတာတွေတော့ရှိတယ်။ ရှိတယ်ဆိုပေမယ့် ပြည့်စုံတယ်တော့ မဟုတ်ဘူးပေါ့။ လိုအပ်ချက်တွေ အများကြီးရှိတယ်။ ပျက်စီးဆုံးရှုံးမှုတွေရှိတယ်။ အိမ်ကတော့ (၁၀)လုံးလောက် ပြိုတယ်။ အထဲကပစ္စည်းတွေ ဆုံးရှုံးမှုများတယ်။ အိမ်တစ်အိမ်ကို သိန်း(၃၀၀)လောက် ပျက်စီးနိုင်တယ်။ အတွင်းပစ္စည်းဘယ်သူမှ ယူချိန်မရတာမျိုးတွေပေါ့။ အဲဒါက အိမ်တိုင်းပဲဖြစ်ကြတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

 

နမ့်စန်မြို့သည် ယခုနှစ်တွင် နှစ်လအတွင်း ရေကြီးရေလျှံဖြစ်သည်မှာ (၅)ကြိမ်ရှိသွားပြီဖြစ်ကာ ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်နေ့က အဆိုးဝါးဆုံးရေကြီးမှုကြုံရပြီး ရေပြန်ကျလာသော်လည်း အောက်တိုဘာလ (၃)ရက်နေ့တွင် ရေပြန်တက်လာသည်ကို တွေ့ရသည်ဟု ဆိုသည်။

“နမ့်စန်က ဘာကြောင့်အခြေအနေဆိုးလဲဆိုရင် ရေတက်ရက်က တစ်လကျော်သွားပြီ။ တစ်လကျော်သွားပြီဖြစ်လို့ နေထိုင်ရေးတွေ အဆင်မပြေကြဘူး။ အများနဲ့စုနေတဲ့နေရာမှာပဲ စုနေကြတယ်။ ရေဘေးကယ်ဆယ်ရေး စခန်းရယ်လို့ သတ်မှတ်ထားတာမျိုးလည်း မရှိပြန်ဘူး။ ကိုယ်နဲ့နီးစပ်ရာဆွေမျိုးသားချင်းတွေ၊ နီစပ်ရာ မိတ်ဆွေတွေအိမ်မှာပဲ စုပေါင်းနေကြတယ်။”ဟု ၎င်းကဆက်ပြောသည်။ 

ထို့အပြင် လင်းခေးမြို့တွင်လည်း လက်ရှိအချိန်ထိ ရေကြီးရေလျှံဖြစ်နေသည်မှာ တစ်လကျော်ကြာသွားပြီဖြစ်သော်လည်း လင်းခေးမြို့ကို ရှမ်းလူမှုကူညီရေးအသင်းများက ကူညီထောက်ပံ့ပေးနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ