တောင်ငူတွင်ရေပြန်တက်နေပြီး စစ်ကောင်စီတပ်ကလည်း ဆည်ရေဖောက်ချနေသဖြင့် ကျေးရွာများ ရေပြန်မြုပ်နေ

တောင်ငူတွင်ရေပြန်တက်နေပြီး စစ်ကောင်စီတပ်ကလည်း ဆည်ရေဖောက်ချနေသဖြင့် ကျေးရွာများ ရေပြန်မြုပ်နေ

ပဲခူးတိုင်း တောင်ငူမြို့တွင် မိုးများပြီး စစ်တောင်းမြစ်ရေတက်လာသည့်အပြင် PDF တပ်များ စစ်တောင်းမြစ်တစ်ဖက်ခြမ်းကို ကူးလာမည်စိုးရိမ်ပြီး စစ်ကောင်စီတပ်က ဆည်များကိုဖောက်ချနေသဖြင့် ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့တွင် ရေပြန်လည်မြင့်တက်လာပြီး ကျေးရွာတချို့ ရေနစ်မြုပ်နေကြောင်း ဒေသခံများထံမှ သိ ရသည်။

အောက်တိုဘာလ (၁)ရက်နေ့ကစတင်ကာ မိုးများပြီး ရေပြန်လည်မြင့်တက်လာခြင်းကြောင့် တောင်ငူမြို့နယ် အနိမ့်ပိုင်းများဖြစ်သည့် ကန်ရိုးအရှေ့ပိုင်းကျေးရွာ၊ အောက်ချိုင်း၊ မြင်းဖြူအင်း၊ ကြက်လျှာစွန်းကျေးရွာ၊ (၁၀) ရပ်ကွက်၊ အုတ်ကျွတ်တန်း၊ မြစ်ကြီးပေါက်၊ အလယ်ကျွန်းကျေးရွာများတွင် ရေဝင်ရောက်နေကာ စိုးရိမ်ရေမှတ် အထက် ပေဝက်အထိ တက်လာကာ ရင်စို့ဝန်းကျင်အထိ ရေမြုပ်သည်ဟု သိရသည်။ 

“သောက်ရေခပ်ဆည်၊ ခပေါင်းဆည်နဲ့ ပသိဆည်ပါ။ ခပေါင်းဆည်ကတော့ နေ့တိုင်းလိုလို လွှတ်တယ်။ မိုးရွာတာတွေက အရင်ကဆို ဒီထက်ပိုရွာတဲ့နှစ်တွေကြုံဖူးပါတယ်။ ဒါပေမယ့် ဒီလောက်မဆိုးဖူးဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုတစ်ခေါက်ရေကြီးတာက သဘာဝကြောင့်မဟုတ်ပဲ လူကြောင့်လို့ပြောချင်ပါတယ်။ သူတို့က စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ပြည်သူ့ရဲဘော်တွေ စိုးမိုးထားတာသိတော့ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ဒီဘက်ကူးလာမှာကို အရမ်းစိုးရိမ်ပြီး ရေတောက်လျှောက်လွှတ်နေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အဆိုပါရေမြုပ်နေသည့် နေရာများမှာ စစ်တောင်းမြစ်နှင့်ကပ်လျှက်နေရာများဖြစ်သဖြင့် ဒေသခံများက တစ်ပတ်ခန့် ပြောင်းရွှေ့နေထိုင်ကြရန် အသိပေးပြောဆိုထားပြီး စစ်ကောင်စီဘက်က လာရောက်ပြောဆိုခြင်းမရှိဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်တစ်ကြိမ်က ရေကြီးရေလျှံခြင်း ဖြစ်ပွားခဲ့စဉ်က ကျန်ရှိနေသေးသည့် ရေများလည်း ရှိနေသေးပြီး စစ်ကောင်စီဘက်က ပြန်လည်ထူထောင်ရေးအတွက် ပိတ်ပင်ထားမြစ်ထားဆဲဖြစ်သည်ဟု ဆိုသည်။

“ပြန်လည်ထူထောင်ရေးလုပ်တဲ့အချိန်မှာ သူတို့က ဆန်၊ ဆီ၊ ဆားတွေ ဆီဆိုတဲ့နေရာမှာ စားဆီတွေကော၊ ဓာတ်ဆီ၊ ဒီဇယ်တွေကော အဲဒါတွေအကုန်လုံး ကန့်သတ်ထားတယ်။ နောက်ပြီးတော့ လာလှူလို့ရှိရင် သူတို့ဆီ အကြောင်းကြားပြီး သူတို့ခွင့်ပြုချက်ရမှ လှူလို့ရတယ်။ သူတို့ခွင့်ပြုတဲ့နေရာကိုပဲ လှူလို့ရတယ်။ အဲဒီလိုသတ်မှတ် ချက်တွေရှိတော့ ဒီမှာရေဘေးဒုက္ခသည်တွေ တော်တော်ဒုက္ခရောက်တာပေါ့။ စားစရာတွေပဲ လှူလို့ရတာပေါ့။ ပြန်လည်ထူထောင်ရေးအတွက် ဘာမှမလုပ်ပေးနိုင်ဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ဒေသခံများမှာ တောင်ငူမြို့ပေါ်  စကားကျောင်း၊ သိမ်ကုန်းကျောင်းနှင့် ဘုန်းကြီးကျောင်းများရှိ ဓမ္မာရုံများတွင် ပြောင်းရွှေ့နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CJ