တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဌာနပိုင်မဟုတ်သည့် ပြည်သူပိုင်လမ်းကို ပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် အရေးပေါ်  ရှောင်ကွင်းသွားရန် အခက်တွေ့ 

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဌာနပိုင်မဟုတ်သည့် ပြည်သူပိုင်လမ်းကို ပိတ်ထားခြင်းကြောင့် ဒေသခံများအတွက် အရေးပေါ်  ရှောင်ကွင်းသွားရန် အခက်တွေ့ 
အောက်တိုဘာ 3, 2024 | 2021 Military Coup| ရှမ်းရှေ့

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ၎င်းတို့၏ ဌာနပိုင်လမ်း မဟုတ်သည့် ပြည်သူပိုင်လမ်းကို ပိတ်ထားသည့်အတွက် ဒေသတွင်းနေ ပြည်သူများအနေဖြင့် ရေဘေးရှောင်ကွင်းသွားလာရန် အခက်အခဲရှိသလို လမ်းပိတ်ထားမှုကြောင့် အဆိုပါ လမ်းအတွင်းနေသူများမှာလည်း တကူးတက တခြားလမ်းကနေ သွားနေရကြောင်း သိရသည်။

"အဲ့လမ်းထဲမှာ ဝန်ထမ်းအိမ်ရာလဲ ရှိတယ်။ လူ(၁၀၀)လောက်နေတယ်။ မယ်ခေါင်သင်္ချိုင်းကို သွားတဲ့လမ်းလည်း ဟုတ်သလို အိမ်ခန်းငှားတွေလည်း ရှိတယ်။ ဒီလမ်းကို အာဏာသိမ်းပြီးအလွန်မှာ အတော်ကြာကြာ ပိတ်ထားပြီးတော့ ဒီရက်ပိုင်း (၁၀)ရက်လောက် လမ်းပြန်ဖွင့်ပေးလိုက်သေးတယ်။ အဲ့လို ဖွင့်ပေးလိုက်တော့  သွားလာသူတွေလည်း စိတ်ချမ်းသာနေကြတယ်။ မနေ့က အဲ့လမ်းကို ပြန်ပိတ်လိုက်တော့ ဒီနေ့ ရေကြီးလာတဲ့အခါ  ရှောင်ကွင်းသွားမဲ့လူတွေ အခက်တွေ့ကုန်တယ်။ အဲ့လမ်းက မိုးသောက်ကြယ်လမ်းကိုလည်း ပေါက်တယ်။"ဟု မယ်ခေါင်ရပ်ကွက်နေ ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က (၁၀)ရက်ဝန်းကျင် ပြန်ဖွင့်ပြီး ပြန်ပိတ်လိုက်သည့် လမ်းမှာ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဘေးရှိ မယ်ခေါင်ရပ်ကွက်အတွင်း (၄)လမ်းကြားဖြစ်သည်။

"အဲ့ဒီလမ်းက ဟိုးအရင် တာချီလိတ်မြို့ကြီး မတိုးတက်ခင်ကတည်းက ဒေသခံတွေ အသုံးပြုသွားလာနေတာ။ အာဏာသိမ်းစ အလွန်တုန်းက သူတို့ကြောက်ပြီး ပိတ်လိုက်ပေမဲ့ အခုကတော့ ဒေသတွင်းမှာ တည်ငြိမ်နေတာပဲ ပြန်မပိတ်သင့်တော့ပါဘူး။ ဒေသခံပြည်သူတွေအတွက် မစဉ်းစားဘဲ သူတို့တစ်စုအတွက်နဲ့ လမ်းကို ပိတ်ထားတာတော့ မဖြစ်သင့်တော့ပါဘူး။ ကျွန်တော် မယ်ခေါင်ရပ်ကွက်မှာ နေလာတာ အခု အသက် (၅၀)ကျော်ပြီး။ ကိုယ့်ရပ်ကွက်ပိုင်လမ်းကို သူတို့က ပိတ်ထားတာကို တွေ့ရတော့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်။ အများပြည်သူ သွားလမ်းကို ပိတ်တယ်ဆိုတာက ကျွန်တော်တို့ ရှမ်းအယူအဆ ဆိုရင် သံသယမကောင်းဘူးလို့ ယူဆကြတယ်"ဟု မယ်ခေါင်ရပ်ကွက်တွင်း နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားသည့် ကာလအတွင်း မယ်ခေါင်ရပ်ကွက် (၃)လမ်းတွင် ရေစီးသန်ပြီး ရေကြီးရေလျှံဖြစ်လေ့ရှိသည့်အတွက် တော်တော်များများမှာ မယ်ခေါင် (၄)လမ်းကနေ ရှောင်ကွင်းသွားလိုသော်လည်း အဆိုပါလမ်းကို တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ၎င်းတို့၏ လုံခြုံရေးအတွက်ဟုဆိုကာ လမ်းကို ပိတ်ထားခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ရက်က လမ်းပြန်ဖွင့်ပေးလိုက်လို့ ဝမ်းသာနေတာ။ ဒီလမ်းပေါ်ကို ထွက်ဖို့ ကွေ့ပတ်သွားစရာ မလိုတော့ဘူးဆိုပြီး စိတ်ချမ်းသာပြီးတော့ အခုပြောင်းလာတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးက သဘောကောင်းတာပဲ ငါတို့အတွက်လည်း ပြန်စဉ်းစားပေးတာပဲဆိုပြီး ဝမ်းသာလို့မဆုံးဘူး အခုတော့ ပြည်သူပိုင်းလမ်းကို ပြန်ပိတ်သွားတယ်"ဟု (၄)လမ်းကြားတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် ၂၀၂၁ခုနှစ် ဇွန်လ(၉)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်က ပေါက်ကွဲမှုနှင့်အတူ ကျည်အတွဲလိုက်ဖြင့် ပစ်ခတ်ခံရသည့် ဖြစ်စဉ်နောက်ပိုင်းကစပြီး ကြောက်လန့်ကာ အများပြည်သူသွားလာနေသော ပြည်သူပိုင်လမ်းဖြစ်သည့် အိမ်တွင်းမှုလမ်းကြား နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဘေးရှိ မယ်ခေါင်(၄)လမ်းကို  ခရိုင်ရဲတပ်ဖွဲ့က ပိတ်လိုက်ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် အိမ်တွင်းမှုလမ်းကြားကို ပြန်ဖွင့်လိုက်သော်လည်း မယ်ခေါင်(၄)လမ်းကို (၃)နှစ်ကျော်အကြာ ပိတ်လိုက်ပြီးနောက် ၂၀၂၃ခုနှစ် စက်တင်ဘာလအတွင်း ရေကြီးရေလျှံမှုကြောင့် (၁၀)ရက်ဝန်းကျင်အကြာ ပြန်ဖွင့်ပေးလိုက်သော်လည်း ယခုအခါ အောက်တိုဘာလ(၂)ရက်နေ့က ပြန်ပိတ်လိုက်ခြင်း ဖြစ်သည်။