ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ မိုင်းဆတ်ခရိုင်အတွင်း တညလုံး မိုးရွာသွန်းမှု၏ နောက်ဆက်တွဲအနေဖြင့် တာချီလိတ်မြို့ နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းရေမှာ ယနေ့ နံနက်ပိုင်းတွင် ပိုမိုမြင့်တက်လာကာ ရေကြီးရေလျှံမှုအထိ ဖြစ်ပွားနေသည်။
"တညလုံးနဲ့ အခု တစ်မနက်လုံးရွာနေတာ မိုးများတယ်။ ဖုန်းလိုင်းရော အင်တာနက်လိုင်းရော တက်လိုက် ကျလိုက်ဖြစ်နေတာ။ မနက်(၈)နာရီခွဲလောက်ကမှ မိုးတိတ်သွားတယ်"ဟု မိုင်းဆတ်ခရိုင်အတွင်း မိုင်းတွမ်းဒေသခံ တစ်ဦးက Tachileik News Agency သို့ ယနေ့ အောက်တိုဘာလ(၃)ရက်နေ့တွင် ပြောသည်။
မိုင်းဆတ်ခရိုင်အတွင်းသည် တာချီလိတ်၏ အထက် တောင်ပေါ်ဒေသဖြစ်သည့်အတွက် တာချီလိတ်ခရိုင်အတွင်း မိုးနည်းသော်လည်း မိုင်းဆတ်ခရိုင်အတွင်း မိုးများပါက မယ်ဆိုင်ချောင်းသို့ စီးဆင်းပြီး တာချီလိတ်မြို့တွင်း ရေကြီးရေလျှံ ဖြစ်လေ့ရှိသည်။
"တာချီလိတ်မှာတော့ ညကရော အခုမနက်ရော မိုးမများဘူးဗျ။ မိုင်းဆတ်ဘက်မှာ မိုးရွာလို့ အဲ့က တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းရေ တက်လာတဲ့ သဘောဖြစ်နေတယ်။ မိုင်းဆတ်မှာ ညက အတော်လေးရွာထားတာဆိုတော့ တာချီလိတ်တော့ လောလောဆယ် ရေကျဖို့ မမြင်သေးဘူး။"ဟု ဒေသခံ တစ်ဦးက ပြောသည်။
လက်ရှိတွင် အောက်တိုဘာလ(၃)ရက်နေ့ နံနက် (၁၀)နာရီခွဲ အချိန်အထိ တာချီလိတ်မြို့တွင်း မယ်ဆိုင်ချောင်းနှင့် နီးသည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများတက်လာနေသလို တာချီလိတ်မြို့ပြင် မယ်ယန်းဘက်တွင်လည်း မယ်ဟုတ်ချောင်းရေ တက်မှုကြောင့် ချောင်းတလျောက်ရှိ နေအိမ်များ ရေဝင်ရောက်မှုနှင့် ကြုံနေရကြောင်း သိရသည်။
တာချီလိတ်မြို့တွင်းအနေဖြင့် မယ်ခေါင်ရက်ကွက်အတွင်း မိုးသောက်ကြယ်လမ်းဘက်တွင် ရေစီးသန်နေမှုကြောင့် သွားလာရ ခက်ခဲမှုများ ရှိနေကြောင်း သိရသည်။
တောင်ကျရေကြောင့် မယ်ဆိုင်ချောင်းရေ၏ အခြေအနေမှာလည်း မြှင့်တက်လာပြီး ရေစီးသန်သည့်အတွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ယာယီကြိုးတံတားမှာလည်း ယနေ့ နံနက် (၉)နာရီ မိနစ်(၂၀)ဝန်းကျင်အချိန်က ရေထဲ ထပ်မံမျောပါသွားကြောင်းလည်း သိရသည်။
တာချီလိတ်မြို့တွင်း အနိမ့်ပိုင်းရပ်ကွက်တွင် နေထိုင်သူများအနေဖြင့် ရေဘေးက ကင်းလွတ်ရန်အတွက် ကြိုတင် ရွှေ့ပြောင်းနေထိုင်ကြရန်လည်း သက်ဆိုင်ရာများက ကြိုတင်အသိပေးထားကြောင်း သိရသည်။
ရေဘေးရှောင်လိုသူများအနေဖြင့် တာချီလိတ်မြို့တွင် မိုးလုံလေလုံအားကစားရုံ နှင့် မိမိအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း (ရေဘေးရှောင်စခန်း)များဖြစ်သည့် မယ်ခေါင်ရပ်ကွက် (၃)လမ်းအတွင်း တိုင်းရင်းသားနှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် လည်းကောင်း၊ မကာဟိုခမ်းရပ်ကွက်အတွင်း စိန်ဂျုဒ် ကက်သလစ်ဘုရားရှိခိုးကျောင်းတွင် လည်းကောင်း၊ ပုန်းထွန်ရပ်ကွက်အတွင်း သီရိရတနာဂူဟာပုန်းထွန်ရှမ်းကျောင်းတွင် လည်းကောင်း သွားရောက်နေထိုင်နိုင်ကြောင်း သိရသည်။
#TachileikNewsAgency