မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းအဖွဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ငလျင်းဘေးသင့်ပြည်သူများထံ သွားရောက်ပြီး  

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ထိုင်းအဖွဲ့ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း ငလျင်းဘေးသင့်ပြည်သူများထံ သွားရောက်ပြီး  

 ငလျင်ဘေးသင့် ပြည်သူများအား ကူညီပေးနိုင်ရန်အတွက် ရောက်ရှိနေသည့် ထိုင်း အရေးပေါ်ကယ်ဆယ်လှုပ်ရှားရေးအထူးအဖွဲ့သည်  နေပြည်တော်ဒေသအတွင်း တပ်ကုန်းမြို့နယ်သို့ ၂၀၂၅ခုနှစ် ဧပြီလ(၃)ရက်နေ့က သွားရောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင်းသို့ နံနက်အစောပိုင်းကတည်းက ဘတ်စ်ကားကြီးဖြင့် သွားရောက်ရာတွင် ငလျင်ဒဏ်ကြောင့် လမ်းမတလျောက် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့်အတွက် ဘတ်စ်ကားကြီးဖြင့် ဆက်လက်သွားရောက်၍ မရတော့သည့်အတွက် ဒေသခံများ၏ ကားငယ်များဖြင့် ပြောင်းစီးကာ ဆက်လက်ထွက်ခွာရာ ငလျင်ဘေးသင့်ပြည်သူများအား ဆေးကုပေးရန် စုရပ်အဖြစ် ထားရှိသည့် တပ်ကုန်းမြို့နယ်ရှိ မြောက်မြိတ်အရှေ့ဘုန်းကြီးကျောင်းသို့ နေ့လည်(၁၁)နာရီခွဲဝန်းကျင်မှ ရောက်ရှိခဲ့ရကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင်  ထိုင်းအရေးပေါ်လှုပ်ရှားမှုအဖွဲ့က အဖွဲ့ (၂)ဖွဲ့ခွဲကာ  အရေးပေါ်ဆေးတပ်ဖွဲ့သည် ‌ရွေ့လျားဆေးခန်းများဖွင့်လှစ်ပြီး လူနာ(၈၄)ဦးကို ဆေးဝါးကုသမှု ပေးနိုင်ခဲ့ကြောင်း နှင့် ဆေးကုသမှုလာရောက်ခံသူများနှင့်ကလေးများကို အသုံးအဆောင်နှင့် အစားအသောက်များ ပေးဝေးခဲ့ကြောင်းလည်း သိရသည်။

"ငလျင်ဘေးကြောင့် ထိခိုက်မှုများရှိခဲ့သည့် ပြည်သူများအတွက် အဆင်ပြေချောမွေ့၍ အရည်အသွေးပြည့်မီသည့် ဆေးဝါးကုသမှုကို ရရှိစေခဲ့သာ တပ်ကုန်းမြို့နယ်အတွက် ပထမဆုံး နိုင်ငံခြားမှ ဆေးတပ်ဖွဲ့လာရောက်စီစဉ် ကုသပေးခြင်းဖြစ်သည့်အတွက် ပြည်သူများနှင့် ဒေသခံအရာရှိများမှ ထိုင်းနိုင်ငံမှအဖွဲ့မှ ပါဝင်လှုပ်ရှားသူများအပေါ် အထူးကျေးဇူးတင်ရှိကြောင်းများကို ပြသခဲ့ကြပါသည်။"ဟုလည်း ထိုင်းသံရုံးက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင်းသို့ ရောက်ရှိနေသည့် ထိုင်းအရေးပေါ်ကယ်ဆယ်လှုပ်ရှားရေးအထူးအဖွဲ့သည် နေပြည်တော်တွင် ရှာဖွေကယ်ဆယ်ရေး နှင့် ကုသရေး စသည့် အဖွဲ့များခွဲကာ ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် ကူညီပေးနိုင်ရန် ရောက်ရှိလာသည့် နိုင်ငံခြားမှ အဖွဲ့များသည် စစ်ကောင်စီက စီမံကာ နေရာချပေးထားသည့် နေရာများတွင်သာ ကူညီလုပ်ဆောင်ပေးနေရခြင်း ဖြစ်ကြောင်း သိရသည်။